အကျဉ်းကျခံ နိုဘဲယ်ဆုရှင်ကို လွှတ်ရန် တရုတ်ကို တွန်းအားပေးဖို့ နိုဘဲယ်ဆုရှင်များက ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

အကျဉ်းကျခံ နိုဘဲယ်ဆုရှင်ကို လွှတ်ရန် တရုတ်ကို တွန်းအားပေးဖို့ နိုဘဲယ်ဆုရှင်များက ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

လန်ဒန်၊ အောက်တိုဘာ-၂၀ ။          ။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ယခုရက်သတ္တပတ် လန်ဒန်သို့ အလည်အပတ် ခရီးစဉ်အတွင်း ၎င်းတို့၏ နိုဘဲယ်ဆုရဖက် လျို ရှောက်ပိုနှင့် ဇနီး လျိုရှောက်တို့နှစ်ဦးကို လွှတ်ပေးရေး တရားဝင်တောင်းဆိုရန် နိုဘဲယ်ဆုရှင် ၁၂ဦးက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို တိုက်တွန်းခဲ့သည်။

အမေရိကန် လူ့အခွင့်အရေးအုပ်စုတစ်စုဖြစ်သည့် Freedom Now ၏ ပြောကြားချက်အရ လျိုရှေုာက်ပိုတို့စုံတွဲကို လွှတ်ပေးရေး ဖိအားပေးရန်အတွက် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးခေါင်းဆောင်သည့် နိုဘဲဆုရှင်များက စက်တင်ဘာ ၂ရက်နေ့တွင် ကင်မရွန်းထံသို့ စာရေးသားတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

 ‘သင်တို့လို ခေါင်းဆောင်တွေက လူသိထင်ရှားရော၊ ပုဂ္ဂိုလ်ရေးအရပါ အရေးမယူဘူးဆိုရင် တရုတ်က သူ့အပြုအမူရဲ့ အကျိုးဆက်ကို မခံစားရဘဲ လွတ်လွတ်ကင်းကင်း ပြုမူနိုင်တယ်လို့ ဆက်ပြီး ယုံကြည်နေလိမ့်မယ်’’ဟု Freedom Now က ထုတ်ပြန်သည့်စာထဲတွင် ရေးသားထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက ရှီ၏ ဝါရှင်တန် အလည်အပတ်ခရီးစဉ်တွင်လည်း နိုဘဲယ်ဆုရှင်များက သမ္မတအိုဘားမားကို အလားတူတိုက်တွန်းခဲ့သော်လည်း အိုဘားမားကမူ ထိုကိစ္စကို ရှီနှင့် လူသိရှင်ကြား ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ပေ။

လွန်ခဲ့သည့် နှစ်အတွင်း လျိုရှောက်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးဆိုးရွားရွား ကျဆင်းလာနေခဲ့ပြီး သူမတောင်းဆိုထားသလို ဆေးကုသမှုခံယူရန် နိုင်ငံခြားသို့ ခရီးသွားခွင့်ပြုသင့် သည်ဟု နိုဘဲယ်ဆုရှင်များက ပြောကြားခဲ့သည်။

သူမကို ဥပဒေအရ မည်သည့်တင်းကျပ်ထားမှုမျှမရှိကြောင်း တရုတ်အစိုးရက ပြောကြားနေသော်လည်း သူမ၏ တိုက်ခန်းကို ရဲက ၂၄နာရီ စောင့်ကြည့်နေပြီး သူမ၏ လှုပ်ရှားမှုကိုလည်း လုံးဝကန့်သတ်ထားသည်ဟု နိုဘဲယ်ဆုရှင်များက ပြောကြားခဲ့သည်။

လျိုရှောက်မှာ ၂၀၁၄ခုနှစ်တွင် နှလုံးရောဂါစွဲကပ်လာခဲ့ပြီး နောက်ကျောတွင် နာကျင်လာခဲ့သည့်အပြင် စိတ်ဓာတ်ကျဆင်းကာ သောကဖိစီးလာနေခဲ့သည်ဟု ဆိုသည်။ ဘဝနေထိုင်မှုအခြေအနေကို မပြောင်းလဲပါက စိတ်ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာလိမ့်မည်ဟု ဆရာဝန်များက သတိပေးထားသည်ဟုဆိုသည်။  

အကယ်၍ ကင်မရွန်းအနေဖြင့် ပုဂ္ဂလိကအနေဖြင့် အရေးမယူလိုပါက နိုင်ငံတော် အလည်အပတ်ခရီးမတိုင်မီတွင် စုံတွဲကို လွှတ်ပေးရန်အတွက် လူသိရှင်ကြား တောင်းဆိုသင့်သည်ဟု Freedom Now တည်ထောင်သူ ဂျာရတ် ဂျင်ဆားက ပြောကြားခဲ့သည်။

ယခုအခါ အသက် ၅၉နှစ်ရှိပြီဖြစ်သည့် လျိုရှောက်ပိုမှာ တရုတ်စစ်တပ်က ဖြိုခွင်းခဲ့သည့် ၁၉၈၉ခုနှစ် တိန်အန်မသ်ရင်ပြင် ဒီမိုကရေစီရေး ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် တစ်ပါတီစနစ်အဆုံးသတ်ရေး တိုက်တွန်းသည့် ပန်ကြားလွှာကို စည်းရုံးလှုံ့ဆော်မှု စွဲချက်များဖြင့် ထောင် ၁၁နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ လျိုရှောက်ပိုမှာ ၂၀၁၀ခုနှစ်တွင် နိုင်ဘဲဆု ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly