နှစ် ၁၀၀ ပြည့် ရွှေခေတ်အမွေအနှစ် ရုပ်ရှင်ဇာတ်ကားများအား ဒစ်ဂျစ်တယ်ရုပ်ရှင်အဖြစ် ကူးပြောင်းထိန်းသိမ်းကာ အစိုးရသို့ ပြန်လည်ပေးအပ်

နှစ် ၁၀၀ ပြည့် ရွှေခေတ်အမွေအနှစ် ရုပ်ရှင်ဇာတ်ကားများအား ဒစ်ဂျစ်တယ်ရုပ်ရှင်အဖြစ် ကူးပြောင်းထိန်းသိမ်းကာ အစိုးရသို့ ပြန်လည်ပေးအပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။         ။ မြန်မာရုပ်ရှင်နှစ် ၁၀၀ ပြည့် ရွှေခေတ်အမွေအနှစ်ရုပ်ရှင်ဇာတ်ကားများအား ဒစ်ဂျစ်တယ်ရုပ်ရှင်အဖြစ် ကူးပြောင်း ထိန်းသိမ်းကာ အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့သည့် အခမ်းအနားတစ်ခုကို နိုဝင်ဘာလ ၁၆ရက် နေ့က မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ၌ ပြုလုပ်ခဲ့သည်။

၁၉၇၀ခုနှစ်က အကယ်ဒမီ ဦးဝင်းဦးရိုက်ကူးခဲ့သည့် မှုံရွှေရည်ဇာတ်ကားအား ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် သြစတေးလျတို့ပူးပေါင်းကာ အီတလီ-ပြင်သစ်ရုပ်ရှင်ဓာတ်ခွဲခန်းတွင် ဒစ်ဂျစ်တယ်ရုပ်ရှင်အဖြစ် ကူး ပြောင်းကာ နိုင်ငံတော်ကို ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"အဓိကကတော့ ကျွန်တော်တို့က ဒီနောက်ပိုင်းမှာပေါ့လေ၊ဒီဘက်ခေတ်နောက်ပိုင်းမှာ ကျွန်တော်တို့က ရုပ်ရှင်ဇာတ်ကားအဟောင်းတွေပေါ့ အထူးသဖြင့် အနုပညာတန်ဖိုးရှိတဲ့ဇာတ်ကားတွေကို ပြန်လည်စုစည်းမှုကို ပေါင်းစပ်ပြီးတော့လုပ်နေပါတယ်။ ဒီလိုလုပ်လာတဲ့အတွက် အခုလိုလှူဒါန်းမှုတွေ လုပ်တာပါ။ ဒီနေ့ကတော့ မှုံရွှေရည်ဇာတ်ကားကိုလုပ်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်လည်းကျွန်တော်တို့က ၂၀၁၆ ၂၀၁၇မှာ မြဂနိုင်နဲ့ ပျို့ချစ်လင် နှစ်ကားကိုလည်း မနှစ်က ၂၀၁၈မှာ လွှဲပြောင်းလက်ခံခဲ့ပြီးဖြစ်ပါတယ်။ မနှစ်ကလုပ်ပေးခဲ့တဲ့ မှုံရွှေရည်ကို အခု ၂၀၁၉ခုနှစ်ထဲမှာ လက်ခံထားရှိပါတယ် "ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆိုသည်။

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားအများစုသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကျိုးပဲ့ ပျက်စီးပြီး တစ်ကွဲတစ်ပြား ဖြစ်လျက်ရှိကြောင်း ယခုအခါ မှုံရွှေရည် ၊ မြဂနိုင်၊ ပျို့ချစ်လင်၊ ခြေဖဝါးတော် နုနု စသည့် ဇာတ်ကားများအား ဒီဂျစ်တယ် အသွင်နှင့် ပြောင်းလဲ ထိန်းသိမ်းနိုင်ခဲ့ကာ ရုပ်ရှင်ပိတ်ကားပေါ်တွင် ပြန်လည်ြ ပသနိုင်ခဲ့ကြောင်း သိရသည်။

"နောက်တစ်ခုက ဖလင်အမျိုးအစားထဲမှာ မီးလောင်တဲ့အမျိုးအစားလည်း ရှိပါတယ်။ အဲ့မီးလောင်တဲ့ အမျိုး အစားကြောင့်လည်း ကျွန်တော်တို့ပျက်စီးတယ်။ နောက်တစ်ခုက ဖလင်မှာသုတ်ထားတဲ့ အရေပြားလိုပဲ အရုပ် ထင်အောင်သုတ်တဲ့ ဆေးရှိတယ်။ အဲ့သုတ်လိမ်းထားတဲ့ဆေးက အပူအအေး၊ အဲယားကွန်းမှန်မှန် မပေးနိုင်လို့ ရှိရင် ဒီကောင်မခံနိုင်ဘူး။ အဲ့တော့ပူပြီးတော့ အကုန်ပျော်ပြီးတော့ အရေပြားတွေလန်သလို ဖြစ်ကုန်ရော။ ကျွန်တော်တို့ ဆီမှာ လျှပ်စစ်မီးမမှန်တဲ့အတွက် ကောင်းတဲ့ကားတွေ အများကြီး ပျက်စီးခဲ့ပါတယ်။ အခုဆို မှုံရွှေရည် မရှိတော့ပါဘူး။ ဒါကိုဒီက သိမ်းထားပေးလို့။ ဘာလင်သွားလို့ အကောင်းပကတိပြန်ရတာ။"ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင်က ပြောသည်။

ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရာ၌ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်နှင့် ဂျာမနီတို့၏ အကူအညီနှင့် ၁၉၃၄ခုနှစ် က ရိုက်ကူးခဲ့သည့် မြဂနိုင် ဇာတ်ကားအားလည်းကောင်း၊ ၁၉၅၀ခုနှစ်က ရိုက်ကူးခဲ့သည့် ပျို့ချစ်လင် ဇာတ်ကား အား အီတလီနှင့်စင်ကာပူအကူအညီဖြင့်လည်းကောင်း၊ ၁၉၇၂ခုနှစ်က ရိုက်ကူးခဲ့သည့် ခြေဖဝါးတော်နုနု ဇာတ်ကားအား ဂျာမနီနိုင်ငံ၏ အကူအညီဖြင့်လည်းကောင်း ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

လာမည့်နှစ်ဆန်းပိုင်းတွင် ၁၉၃၅ခုနှစ်က ရိုက်ကူးရုံတင်ခဲ့သည့် ဂျပန်ရင်သွေးဆိုသည့် ဇာတ်ကားအား Save Myanmar Film က ဂျပန်နှင့်ထိုင်းနိုင်ငံတို့၏ အကူအညီနှင့် ပိုမိုတည်တံ့စေရန် ထိန်းသိမ်းမှုပုံစံအား ပြောင်းလဲလုပ်ဆောင်နေကြောင်း သိရသည်။

ဒစ်ဂျစ်တယ်ရုပ်ရှင်အဖြစ် ပြုပြင်ထိန်းသိမ်းပြီးသည့် ဇာတ်ကားများအား မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေး စင်တာတွင် ထားရှိသွားမှာ ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required