AA အဖွဲ့၏ လုပ်ရပ်များအပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန်ဝေဖန်

AA အဖွဲ့၏ လုပ်ရပ်များအပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန်ဝေဖန်
ဓာတ်ပုံ- အီးပီအေ

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။         ။ လွှတ်တော်အမတ်အပါအဝင် အရပ်သား၊ တပ်၊ ရဲနှင့် အစိုးရဝန်ထမ်းတစ်ချို့ကို ဖမ်းဆီးထားသော ရခိုင့်အဖွဲ့ AA ၏ လုပ်ရပ်များအပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံးတွင် နိုဝင်ဘာ ၁၅ရက်နေ့ကပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ AA အဖွဲ့၏ လှုပ်ရှားမှုများ အတွက် မီဒီယာများက မေးမြန်းစဉ် ဦးဇော်ဌေးက ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဥပမာအားဖြင့် ဒီမှာတွေ့လို့ ဖမ်းတယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်ပါတယ်ဆိုပြီး ဆွဲထားလိုက်တဲ့ဟာက တော်တော်လေးကို မမှန်ကန်တဲ့ လုပ်ရပ်ပေါ့။ဆိုချင်တာက နိုင်ငံတကာမှာဆိုရင် ဆိုမာလီယာ အကြမ်းဖက် သမားတွေရှိတယ်။ပင်လယ်ပြင်မှာတွေ့တဲ့ သင်္ဘောဖမ်းတယ်။ဖမ်းပြီးရင် ငွေညှစ်တယ် တောင်းတယ်။အခု သိန်းသုံးထောင်ဆိုတာ တောင်းထားတာ ကျွန်တော်တို့ တွေ့တယ်။ဒါက ခုဏဆိုမာလီယာ ပင်လယ်ဓားပြတွေ လုပ်ရပ်သဘောမျိုးဆန်တယ်။ဒါ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်” ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထို့အပြင် AAဘက်က တောင်းဆိုသည့် သုံ့ပန်းလဲလှယ်ရေးကိစ္စသည် အဓိပ္ပါယ်မရှိသော တောင်းဆိုချက်ဖြစ်ပြီး သုံ့ပန်းဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း အဆိုပါအဖွဲ့များကို အဝေးက ကြည့်ပါက ထင်ရှားသည့် လက်မောင်းတံဆိပ်၊ကိုင်ဆောင်ထားသော လက်နက် စသည်တို့နှင့် တိုက်ခိုက်မှသာ စစ်သုံ့ပန်းဟုခေါ်ကြောင်း ဦဇော်ဌေးက ဆိုသည်။

 “ဆိုလိုတာက  တပ်ဖွဲ့လိုစနစ်တကျ ဖွဲ့စည်းထားတာ မရှိဘူး။ ကျွန်တော်တို့ အခု မီဒီယာတွေကို  အသိ ပေးချင်တာက သုံ့ပန်း မဟုတ်ပါဘူး။ အစိုးရက တပ်မတော်ဘက်က စစ်ဆေးအရေးယူရုံးတင်နေတာတွေက သုံ့ပန်း မဟုတ်ပါဘူး။ သံသယရှိသူတွေကို ဥပဒေနဲ့အညီ  လုပ်နေတာတွေရှိတယ်။ ဥပဒေနဲ့ အညီ လုပ်နေ တာကိုသုံ့ပန်းလို့ခေါ်ရင်ကျွန်ေတာ်တို့က လက်မခံဘူး။ ဒါ က ဥပဒေပဲဖြစ်ရမယ်။ဒါပေမယ့် AA ဖမ်းထားတဲ့  ဟာတွေက အပြစ်မဲ့ ပြည်သူတွေပါ”ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် NLD ပါတီမှအမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံထားရမှုအတွက် ပြည် ထောင်စုလွှတ်တေ်ာတွင် အရေးကြီးအဆိုတစ်ခုတင်ထားပြီး ဖမ်းဆီးခံထားရသူများ၏ လုံခြုံရေး၊ ဘေးကင်း ရေးများအတွက် အစိုးရက စိုးရိမ်နေကြောင်း အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် AAအဖွဲ့နှင့် ဆွေးနွေးစဉ် ပြောဆိုထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် အပါအဝင် AAအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များမှတဆင့် ပြောဆိုထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly