ရန်ကုန်တိုင်းအတွင်း ငလျင်ဒဏ်ခံနိုင်ကြောင်း အထောက်အထား ပြနိုင်သည့် အဆောက်အဦနည်းပါးနေသေး ဟုဆို

ရန်ကုန်တိုင်းအတွင်း ငလျင်ဒဏ်ခံနိုင်ကြောင်း အထောက်အထား ပြနိုင်သည့် အဆောက်အဦနည်းပါးနေသေး ဟုဆို
ဓာတ်ပုံ - AFP

ရန်ကုန်။နိုဝင်ဘာ ၁၆ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်တာအဆောက်အအုံများအနက် ငလျင်ဒဏ်ခံနိုင်သည်ဟူသော အထောက်အထားရှိသည့် အဆောက်အဦး နည်းပါးနေသေးကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

၂၀၁၀ ခုနှစ်ကစတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် သုံးထပ်အထက် အဆောက် အဦးများတွင် ငလျင်ဒဏ်ခံနိုင်ရေးနှင့်ပတ်သက်သည့် အချက်များကိုထည့်သွင်းခဲ့သော်လည်း လိုက်နာသည့် အဆောက်အဦနည်းပါးသေးသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးစောထွေးဇော်က ထောက်ပြသည်။

“ ဒါကကျတော့ တွက်ချက်မှုအပေါ်မှာ အခြေခံတာမဟုတ်ဘဲနဲ့ နည်းနည်းပိုပြီး စိတ်ချရအောင်အရည်အသွေး မြှင့်ခိုင်းတဲ့ သဘောမျိုးပဲရှိပါတယ်။ ဒီတော့ရန်ကုန်မြို့က အဆောက်အဦတွေမှာ ငလျင်အန္တရာယ်ရှိနေလား ဆိုတော့ ခိုင်ခံမှုရှိတယ်လို့ ပြောဖို့အတွက် မသေချာသေးတဲ့ အဆောက်အဦတွေများနေတယ်လို့ ပြော ရမှာပေါ့”ဟု ၎င်းကဆိုသည်။

သို့သော်၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အဆောက်အဦတိုင်း၏ခံနိုင်ရည်ကို ဒေသအလိုက်ခန့်မှန်းတွက်ချက်ထားသည့် မြန်မာနိုင်ငံ အဆောက်အအုံ အခြေခံစည်းမျဉ်း(MNBC)ကို စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါစည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက သဘာဝဘေးအန္တရယ်ကိုခံနိုင်သည့် အဆောက်အဦ များအဖြစ်သတ်မှတ်နိုင်ကြောင်း ဦးစောဇော်ထွေးကဆိုသည်။

“လိုက်နာဆောင်ရွက်ရမယ်လို့ပြောပေမယ့် အများစုကတော့ မသိမသာ အရင်အတိုင်းပဲ ဆောက်နေကြတုန်းပါ။ ဒါတွေကို စောင့်ကြည့်ပြီး ထိန်းကျောင်းဖို့လိုပါတယ်။ စည်းမျဉ်းကထွက်ထားပြီးဆိုပေမယ့် အရေအတွက် အားဖြင့် ပြောမယ်ဆိုရင်တော့ လိုက်နာဆောင်ရွက်တာ နည်းသေးတယ်လို့ပြောရမယ်။တစ်ရာခိုင်နှုန်း လောက်တောင်သိပ်မသေချာပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့တွင်း ထပ်မံဆောက်လုပ်မည့် အဆောက်အဦးများ ငလျင်ဒဏ်ခံနိုင်ရေးအတွက်နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ နိုင်ငံပိုင်အဆောက်အဦးများအတွက်တင်ဒါခေါ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ကန်ထရိုက် တာများ၊ အင်ဂျင်နီယာများနှင့် စစ်ဆေးရေးအဖွဲ့များတွင်တာဝန်ရှိသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ဆိုသည်။

ထို့အပြင် ဆောက်လုပ်ရေးပစ္စည်းတင်သွင်းရာတွင်လည်းငလျင်ဒဏ်ခံနိုင်သည့် အရည်အသွေးမြင့်ပစ္စည်း များကိုသာ တင်သွင်းသင့်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

"ငလျင်နဲ့ပတ်သက်ရင် သံချောင်းကအဓိကပါ။သံချောင်းတွေတင်သွင်းတဲ့အခါမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အရည် အသွေးမြင့်တဲ့ သံချောင်းတွေရှိတယ်။ ငလျင်ဒဏ်မခံနိုင်တဲ့ သံချောင်းတွေရှိတယ်။ စျေးနှုန်းလဲ အများကြီး ကွာတယ်။ နိုင်ငံတော်ကတင်ဒါပေးတဲ့ အခါမှာစျေးနှုန်းနိမ့်နိမ့်ပေးရင် ကန်ထရိုက်တာတွေက စျေးနှုန်း နည်းတာ တွေပဲဝယ်ပြီးထည့်သွင်းမယ်ဆိုရင် ဒါအဆောက်အဦးအတွက် စိတ်မချရဘူးပေါ့။ ပုဂ္ဂလိကပိုင် အ ဆောက်အဦး တွေမှာလဲ ဒီအတိုင်းပဲ တင်သွင်းစဉ်ကတည်းကကန့်သတ်ဖို့လိုတယ်" ဟု ဦးမျိုးမြင့်က ဆိုသည်။

မြန်မာနိုင်ငံ၏ စက်မှုမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် တိုက်ခန်းအများဆုံးတည်ရှိနေကာ အရေအတွက် အားဖြင့် ပျမ်းမျှ ၃သိန်းကျော်အထိရှိနေပြီး ယင်းအနက်မှအင်အားပြင်းငလျင်လှုပ်ခတ်ပါက စိတ်မချရသည့် တိုက်ခန်းအရေအတွက်မှာ အနည်းဆုံး၄၀ရာခိုင်နှုန်းအထိရှိ နိုင်သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။

ထိုထဲတွင် အင်္ဂလိပ်လက်ထက်ကတည်းက ဆောက်လုပ်ခဲ့သည့် အဆောက်အဦများ၊အဆောက်အဦ အရည်အသွေးစစ်ဆေးရေးအဖွဲ့အစည်းများ မဖွဲ့စည်းနိုင်မှီ ကန်ထရိုက်ခေတ်ဦးက ဆောက်လုပ်ခဲ့သည့် အဆောက်အဦများမှာ အရည်အသွေးပိုင်း လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

လက်ရှိမှာ မြန်မာနိုင်ငံငလျင်ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ အန္တရာယ်ရှိ အဆောက်အအုံများနှင့်ပတ်သက်ပြီး မြို့နယ်အလိုက် ဆန်းစစ်မှုများကို လုပ်ဆောင်နေကြောင်း သိရသည်။ သို့သော် အဆိုပါ ဆန်းစစ်မှုများကို အကျယ်တပြန့်လုပ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly