ဒဂုံမြို့နယ်အတွင်းရှိ အသုံးမပြုသည့် တပ်ပိုင်မြေများ ပြည်သူ့မြေ ဖြစ်အောင်လုပ်မည်ဟု ကတိပေး

ဒဂုံမြို့နယ်အတွင်းရှိ အသုံးမပြုသည့် တပ်ပိုင်မြေများ ပြည်သူ့မြေ ဖြစ်အောင်လုပ်မည်ဟု ကတိပေး

တပ်မတော်တွင်နှစ် ၃၀ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဒါရိုက်တာ ဖြစ်ခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးကျော်ဇေယျက အသုံးမပြုသည့် တပ်ပိုင်မြေများကို ပြည်သူ့မြေနေရာဖြစ် အောင် ဆောင်ရွက်ပေးမည်ဟု ကတိပေး ပြောကြားသည်။

ဗိုလ်ချုပ်ဈေးအနီးရှိ ယောမင်းကြီးရိပ်သာ၊ တပ်မတော်စစ်ရုံး၊ တပ်မတော် ငွေစရင်းရုံး၊ နဝရတ် ရိပ်သာတို့မှာ အသုံး မပြုတော့သည်မှာ ၈နှစ်နီးပါး ရှိကာ ခြုံနွယ် ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေကြောင်း၊ ယောက်လမ်း၊ ဗိုလ်ရာညွန့်လမ်းတို့မှာ ယာဉ်ကြော ကျပ်နေသည့်အတွက် အသုံးမပြုသည့် ယောမင်းကြီး ရိပ်သာ ကဲ့သို့သော နေရာမျိုးတွင် ယာယီကားရပ်နားနေရာများ လုပ်ပေးသင့်ကြောင်း၊ ယင်းအပြင် အသုံးမပြုတော့သည့် စစ်ရုံးမှ ရွှေတိဂုံ ဘုရားလမ်းပေါ်သို့ လမ်းဖောက်ထွက်ပေးပါကာ ကားလမ်းအတော့်အသင့် ချောင်သွားနိုင်ကြောင်း ၎င်းကပြောသည်။

"ယောက်လမ်းထဲမှာ လမ်းဘေးဈေးသည်တွေ အရမ်းများတယ်။ ယောမင်းကြီး ရိပ်သာဆိုတာ လူလည်း မနေတော့ဘူး၊ အဆောက်အဦးတွေလည်း မရှိတော့ဘူး။ အဲဒီမှာ ဈေးရောင်းခွင့် ပေးလိုက်ရင်၊ ကားတွေ ရပ်နားခွင့် ပေးလိုက်ရင်။ နောက်တစ်ခါ တပ်မတော်စစ်ရုံးကြီးဗျာ၊ အလံပြဘုရား လမ်းပေါ်မှာဆိုရင် အ.ထ.က (၁) ဒဂုံပေါ့၊ အမြဲတမ်း ကျောင်းဖယ်ရီတွေနဲ့ ကျပ်နေတယ်။ တကယ်လို့များ တပ်မတော်သာ ပြည်သူ လူထုအတွက် နှစ်နှစ်ကာကာ ပေးမယ်ဆိုရင် အဲဒီမှာကျပ်နေတဲ့ ကားတွေဟာ စစ်ရုံးထဲက ဖောက်ပြီးတော့ ဗိုလ်ရာညွန့်လမ်းက ဖောက်ပြီး ရွှေတိဂုံဘုရားလမ်းပေါ် ထွက်လို့ရတယ်။ နောက် ကျောင်းကားတွေကိုလည်း စစ်ရုံးကြီးထဲမှာ ရပ်ခိုင်းလိုက်လို့ရှိရင် ယာဉ်ကြောပိတ်ဆို့မှုက ရှင်းသွားမှာပဲ"ဟု၎င်းကပြောသည်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါက လွှတ်တော်အတွင်းတွင် ယင်းကိစ္စများ ဆောင်ရွက်ခွင့်ရရန် ပထမဆုံး တိုက်ပွဲဝင်သွားမည်ဖြစ်ဟု ဆန္ဒရှင်များကို ကတိပေးထားကြောင်း ၎င်းကရှင်းပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly