ကန့်ကွက်မှုများရှိနေသော ပုလဲမွေးမြူရေးလုပ်ငန်း အစိုးရထံ ဒုတိယအကြိမ် လုပ်ပိုင်ခွင့်လျှောက်ထား

ကန့်ကွက်မှုများရှိနေသော ပုလဲမွေးမြူရေးလုပ်ငန်း အစိုးရထံ ဒုတိယအကြိမ် လုပ်ပိုင်ခွင့်လျှောက်ထား

မြိတ်၊ နိုဝင်ဘာ ၁၅ ။        ။ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စု လငန်းကျေးရွာတွင် ဒေသခံများ၏ ကန့်ကွက်မှုများရှိနေခဲ့သော ပုလဲမွေးမြူရေးလုပ်ငန်းမှ အစိုးရထံ ဒုတိယအကြိမ် လုပ်ပိုင်ခွင့် လျှောက် ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြန်မာတာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီမှ အစိုးရထံ၂၀၂၀ ခုနှစ်အတွက် ဒုတိယအကြိမ်လုပ် ပိုင်ခွင့် ၅ နှစ်သက်တမ်းတိုး ပြုလုပ်ရန်ကြိုးစားနေခြင်းကြောင့် လုပ်ငန်း၏ မြေပြင်အခြေအနေများကို နိုဝင်ဘာလ ၁၃ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးက သွားရောက်စစ်ဆေးကာ ဒေသခံများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒီကနေ့လာတာ အဖြေလာထုတ်တာ မဟုတ်ပါဘူး။ ဒီကုမ္ပဏီရဲ့သက်တမ်းတိုးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုက ခွင့်ပြုထားတယ်။ တိုင်းအစိုးရအနေနဲ့က သဘောထားပေးတယ်။ ကန့်ကွက်ရန် ရှိ/မရှိပေါ့။ ဒေသခံတွေရဲ့ သဘောထား အသံတွေကို လာရောက် နားထောင်တာ ဖြစ်တယ်"ဟု တနင်္သာရီတိုင်းဒေသကြီး၊သယံဇာတနှင့်ပတ်ဝန်းကျင်ဝန်ကြီး ဦးလှထွေးက ပြောသည်။

မြန်မာတာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီသည် ရေပြင်မြေပြင်၏ ဧရိယာ ၄၂၀၀ကို အကောင်အထည် ဖော် လုပ်ကိုင်နေပြီး ထပ်မံ၍ ကျွန်းများကိုပါ လုပ်ငန်းဧရိယာတိုးချဲ့လာမှုကြောင့် မော်ကင်း (ခ) ဆလုံ တိုင်းရင်းသားများက ကန့်ကွက်လျက်ရှိသည်။

“ဒီပုလဲမွေးမြူရေး လုပ်ငန်းတွေက MIC က ခွင့်ပြုထားတာဖြစ်လို့ ကျွန်တော်တို့ တိုင်းအစိုးရ အနေနဲ့ ဆုံးဖြတ်လို့ရတဲ့ဟာရှိသလို မရတဲ့ဟာလည်းရှိပါတယ်။ လက်ရှိမှာ ကျွန်တော်အနေနဲ့က အပြန်အလှန် ညှိနှိုင်း ပေးလို့ပဲရပါတယ်။တိုင်းရင်းသားဝန်ကြီး အနေနဲ့က သူတို့ရဲ့စားဝတ်နေရေးကိစ္စကို ကူညီ ထောက်ပံ့မှုတွေတော့ ပြုလုပ်ပေးနေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး၊ကရင်းတိုင်းရင်းသားရေးရာ ဝန်ကြီးစောလုကာက ပြောကြားသည်။

မြိတ်ကျွန်းစုတွင် မော်ကင်း (ခ)ဆလုံ တိုင်းရင်းသားမှာ လူဦးရေ တစ်ထောင်ကျော်ခန့်သာ ကျန်ရှိ နေပြီး မြိတ်နှင့် ကော့သောင်းခရိုင်တို့ရှိ ကျွန်းများပေါ်၌ ပုလဲမွေးမြူရေး လုပ်ငန်းများ များပြားလာခြင်း ကြောင့် တံငါးလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်သော မော်ကင်း (ခ) ဆလုံ တိုင်းရင်းသားများအတွက် နေထိုင်စားသောက်ရန် ခက်ခဲလာကြောင်း သိရသည်။

“လူကြီးတွေလာတာ ဘယ်လိုမျိုးဖြစ်နေလည်းဆိုတော့ ပုလဲနဲ့ပတ်သက်တဲ့ ဘာမှမထူးဘူးလို့ ထင်ပါ တယ်။ ဆလုံတွေကတော့ ပုလဲကိုခွင့်မပြုဖို့ တောင်းဆိုလိုက်ပါတယ်။ လူကြီးတွေကလုပ်လည်း မလုပ်ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒီလုပ်ငန်းက တစ်ခုခုဖြစ်ရင် ဆလုံတွေ ကိုပြဿနာရှာတယ်။ သူခိုးလို့ စွပ်စွဲခံရပါတယ်။ ကြာရင် မနေနိုင်တော့ နေရာပြောင်းရွှေ့ဖို့ ဖြစ်လာ နိုင်တယ်။ ဒါဆိုရင်တော့ ကလေးတွေ ပညာမတတ်တော့ဘူး။ တအား ဒုက္ခရောက်နိုင်ပါတယ်”ဟု လငန်းကျေးရွာမှ မော်ကင်း (ခ) ဆလုံတိုင်းရင်းသား ကိုဘာဘူးက ပြောသည်။

ဒေသခံများသည် အစိုးရအဖွဲ့ဝင်ဝန်ကြီး နှစ်ဦး လာရောက် တွေ့ဆုံစဉ် ပုလဲမွေးမြူရေး လုပ်ငန်းအား သက်တမ်းတိုးဧရိယာချဲ့ထွင်မှု မပေးရန် ကန့်ကွက်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly