လစ်ပီ နုတ်ထွက်လိုက်တဲ့နောက် လမ်းဆုံလမ်းခွကို ပြန်လည်ရောက်ရှိသွားခဲ့တဲ့ တရုတ်အသင်း

လစ်ပီ နုတ်ထွက်လိုက်တဲ့နောက် လမ်းဆုံလမ်းခွကို ပြန်လည်ရောက်ရှိသွားခဲ့တဲ့ တရုတ်အသင်း

တရုတ်အသင်းအသင်းဟာ အင်္ဂါနေ့က ဒူဘိုင်းမှာ ဆီးရီးယားအသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ မာဆယ်လို လစ်ပီရဲ့ နုတ်ထွက်မှုကို နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က လက်ခံခဲ့ပြီးတဲ့နောက် တရုတ်အသင်းဟာ ယခုနှစ်အတွက် တတိယမြောက် နည်းပြကို ရှာဖွေနေရပြီဖြစ်ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားကို အီတလီအတွက် ရယူပေးခဲ့တဲ့ အသက် (၇၁)နှစ်ရှိ လစ်ပီဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပေမယ့် တခဏသာ ကြာမြင်ခဲ့သလို မီဒီယာရှေ့မှောက်မှာ စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။

"ကျနော့် လစာငွေက အရမ်းမြင့်မားပြီး အပြစ်တင်မှုတွေအားလုံးကို ကျနော် တာဝန်ယူပါတယ်။ တရုတ်အသင်းနည်ပြအဖြစ်ကနေ ကျနော် နုတ်ထွက်ပါတယ်။"လို့ လစ်ပီရဲ့ ပြောဆိုမှုကို ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

"ကျနော်တို့က အားနည်းတဲ့ မော်လ်ဒိုက်၊ ဂူအမ်တို့လို ပြိုင်ဘက်အသင်းမျိုးကို နိုင်ခဲ့တယ်။ ဒါပေမယ့် ဖိလစ်ပိုင်နဲ့ ဆီးရီးယားတို့လို အားကောင်းတဲ့ အသင်းတွေနဲ့ ကြုံခဲ့တဲ့အခါ ကျနော်တို့ကိုယ်ပိုင် ဘောလုံးကစားဟန်ကို မကစားနိုင်ခဲ့ဘူး။"

အဲဒီနောက် လစ်ပီဟာ သတင်းစာရှင်းလင်းပွဲကနေ ရုတ်တရက်ထွက်ခွာသွားခဲ့ပါတယ်။

နာရီပိုင်းအကြာမှာ တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA)က လစ်ပီရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြောင်း ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

"ကျေနပ်မှုမရှိတဲ့ ရလဒ်တွေက တရုတ်အသင်းပရိသတ်အားလုံးကို စိတ်ပျက်မိစေတဲ့အတွက် ကျနော်တို့ တကယ်ဝမ်းနည်းရပါတယ်။"လို့ CFA က ပြောကြားခဲ့ပါတယ်။

"CFA အနေနဲ့ အလေးအနက် စဉ်းစားမယ်။ အသင်းကို ပြန်လည်တည်ဆောက်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်တယ်။"

တရုတ်အသင်းဟာ အုပ်စုတွင်းမှာ (၁၂)မှတ်အထိ ရရှိထားတဲ့ ဆီးရီးယားနဲ့ (၅)မှတ်အထိ ကွာဟနေခဲ့ပြီး မော်လ်ဒိုက်ကို အနိုင်ရရှိခဲ့တဲ့ ဖိလစ်ပိုင်းအသင်းနဲ့ ရမှတ်တူညီသွားခဲ့တာလည်းဖြစ်ပါတယ်။

လစ်ပီဟာ တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာ တစ်နှစ်ကို ယွမ်သန်း (၁၈၀) (ဒေါ်လာ ၂၅ သန်း)အထိ ရရှိပြီး ကမ္ဘာ့လစာဝင်ငွေအများဆုံးရရှိတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။

လစ်ပီဟာ တရုတ်အသင်းက ပြီးခဲ့တဲ့ အာရှဖလားကွာတားဖိုင်နယ်မှာ အီရန်ကို (၃-၀)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ဇန်နဝါရီမှာ နည်းပြရာထူးကနေ နုတ်ထုတ်ခဲ့ပါတယ်။ အဲဒီနောက် အသင်းကို ကာနာဗာရိုးက တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့် ကာနာဗာရိုးကလည်း တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုး အဲဗားဂရင်းကို ပူးတွဲကိုင်တွယ်ခဲ့လို့ အလုပ်များခဲ့တာကြောင့် တရုတ်အသင်းကို (၂)ပွဲသာ ကိုင်တွယ်ခဲ့ပါတယ်။

ဒါက လစ်ပီကို မေလမှာ ပြန်လာစေခဲ့တာဖြစ်ပေမယ့် တရုတ်အသင်းကို ဒုတိယအကြိမ် ရောက်လာချိန်မှာတော့ (၆)ပွဲသာ ကိုင်တွယ်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly