နိုင်ငံတကာ သွင်းဂိုး (၁၀၀)ပြည့်ဖို့ နီးစပ်လာခဲ့ပြီဖြစ်တဲ့ ရော်နယ်လ်ဒို

နိုင်ငံတကာ သွင်းဂိုး (၁၀၀)ပြည့်ဖို့ နီးစပ်လာခဲ့ပြီဖြစ်တဲ့ ရော်နယ်လ်ဒို
Photos: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လစ်သူရေးနီးယားအသင်းကို (၆)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ပေါ်တူဂီအသင်းအတွက် ဟတ်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၃၄)နှစ်အရွယ် ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် လူဇင်ဘတ်အသင်းနဲ့ပွဲမှာသာ သွင်းဂိုး (၂)ဂိုးရရှိမယ်ဆိုရင် နိုင်ငံတကာသွင်းဂိုး (၁၀၀)ပြည့်မြောက်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အသင်းအတွက် ပွဲကစားချိန် (၆)မိနစ်မှာ ပင်နယ်တီကနေ သွင်းဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယဂိုးကို ပြိုင်ဘက်အသင်းရဲ့ အမှားကနေ တစ်ဆင့်ရရှိခဲ့တဲ့ အခွင့်အရေးကို ရော်နယ်လ်ဒို ဂိုးစည်းထိပ်ကနေ ဝေ့ဝိုက်ကန်သွင်းယူပြီး သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ကြားချိန်တွေမှာ ဘာနာဒိုဆေးလ်ဗား၊ ပီဇီနဲ့ ပါဆီယန်စီယာတို့က သွင်းဂိုးတွေ ဆက်တိုက် ရယူခဲ့ပြီးနောက် (၆၅)မိနစ်မှာ ရော်နယ်လ်ဒိုက အသင်းအတွက် (၆)ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့တာကြောင့် ပေါ်တူဂီအသင်း အခုလို ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းအတွက် (၉)ကြိမ်မြောက် ဟတ်ထရစ်ဖြစ်ပြီး သူ့ရဲ့ အသက် (၃၀)ပြည့်နောက်ပိုင်း ဟတ်ထရစ် (၇)ကြိမ်မြာက် ရယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ရော်နယ်လ်ဒိုဟာ နိုင်ငံတကာ သွင်းဂိုးက (၉၈)ဂိုးထိရှိလာခဲ့သလို ပေါ်တူဂီအသင်းအတွက် ဘောလုံးပြက္ခဒိန်နှစ်အတွင်း (၁၃)ဂိုးနဲ့ သွင်းဂိုးအများဆုံးဖြစ်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ အာဂျီတီးနားတိုက်စစ်မှူး မက်ဆီရဲ့ နောက်ဆုံး (၃)နှစ်အတွင်း ရရှိထားတဲ့ နိုင်ငံတကာသွင်းဂိုးအရေအတွက်ထက်တောင် ပိုမိုများပြားနေပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲစဉ် (၂)ပွဲမှာ လူစားလဲခံရပြီး နည်းပြ ဆာရီနဲ့ အဆင်မပြေမှုတွေရှိနေခဲ့ပြီး နည်းပြက သူဟာ ဒူးဒဏ်ရာပြဿနာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီအသင်း နည်းပြ ဖာနန်ဒို ဆန်တို့စ်က "သူ့ရဲ့ အနေအထားကို ကျနော် ဘယ်တော့မှ သံသယမဖြစ်ခဲ့ဘူး။ ခရစ္စတီယာနိုနဲ့ ပတ်သက်ပြီး ကျနော့်ကို အံအားသင့်စေတာ ဘာမှ မရှိပါဘူး။"

လက်ရှိ ဥရောပချန်ပီယံ ပေါ်တူဂီဟာ တနင်္ဂနွေနေ့မှာ လူဇင်ဘတ်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိပါလိမ့်မယ်။

ရော်နယ်လ်ဒိုအနေနဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကို လိုက်မီဖို့တော့ (၁၁)ဂိုးအထိ လိုအပ်နေသေးပြီး အဆိုပါစံချိန်ကို ကျော်ဖြတ်နိုင်ဦးမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly