ပရီတိုးရီးယားရှိ UNHCR ရုံးရှေ့တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ ဆူပူအုံကြွ

ပရီတိုးရီးယားရှိ UNHCR ရုံးရှေ့တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ ဆူပူအုံကြွ

နိုဝင်ဘာ ၁၅ ။         ။ တောင်အာဖရိက၏အုပ်ချုပ်ရေးမြို့တော် ပရီတိုးရီးယားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသူ ၁၅၀ ခန့်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့၌  ရက်သတ္တပတ် ၅ ပတ်ကြာမျှဆန္ဒပြပြီး  နိုဝင်ဘာလ ၁၄ ရက်နေ့က ရုံးဥပစာအတွင်းသို့ ဇွတ်အတင်းဝင်ရောက်ခဲ့ကြသည်။

ဆန္ဒပြသူများသည် မြို့၏ လူကုံထံဆင်ခြေဖုံးရှိ UNHCR ရုံး၏နံရံများကို ကုတ်ကတ်တက်ပြီး ကားရပ်နားရာ နေရာတွင် ရွက်ဖျင်တဲများထောင်လျက် ၎င်းတို့၏ပစ္စည်းများကို ဖြန့်ကြက်ထားခဲ့ကြကြောင်း AFP သတင်းထောက်က ပြောသည်။

ဆန္ဒပြသူများသည် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အန္တရာယ်ကင်းသည့်နိုင်ငံတွင် နေရာချထား ပေးရန်တောင်းဆိုနေကြခြင်းဖြစ်သည်။ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများသည် ကုလရုံးနှင့် အနီးရှိတူရကီသံရုံးတို့၏ ရှေ့ရှိ စင်္ကြံများပေါ်၌ စခန်းချလျက် အောက်တိုဘာလ ၈ ရက်နေ့ကတည်းက ဆန္ဒပြနေခဲ့ကြသည်။

ဆန္ဒပြသူများအား ထိုနေရာမှ ၃ ရက်အတွင်း ဖယ်ပေးရန် ပရီတိုးရီးယားတရားရုံးမှ အမိန့်ထုတ်ခဲ့သော်လည်း UNHCR အဆောက်အအုံဥပစာအတွင်းသို့ ရွှေ့သွားခဲ့ကြသည်။

အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကွန်ဂိုနိုင်ငံသား အလီနာဘူကူရာက ၎င်းတို့သည် နိုင်ငံခြားသားမနှစ်သက်သူများ၏ တိုက်ခိုက်မှုကို ခံနေရသည့်အတွက် UNHCR ရုံးမှ ကာကွယ်ပေးစေလိုကြောင်း၊ အိမ်ကိုပြန်လာလျှင် သတ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း ပြောသည်။

ဆန္ဒပြသူများကို အကြမ်းဖက်မှုများမလုပ်ကြရန်၊ ရုံးဥပစာအတွင်းမှထွက်ပေးရန်နှင့် ထိရောက်သည့်အဖြေရှာဖို့ ပူးပေါင်းစေလိုကြောင်း UNHCR မှပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဂျွန်ဟန်းနက်စ်ဘတ်ရှိ ဆင်းရဲသားရပ်ကွက်မှ နိုင်ငံခြားသားပိုင် စတိုးဆိုင်များတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး တောင်အာဖရိကနိုင်ငံသား ၁၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးသေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly