အလီဘာဘာအုပ်စု၏ အမှုဆောင်ဥက္ကဌ ဂျက်မားကို ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း၏ အကြံပေးအဖြစ် ခန့်အပ်

အလီဘာဘာအုပ်စု၏ အမှုဆောင်ဥက္ကဌ ဂျက်မားကို ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း၏ အကြံပေးအဖြစ် ခန့်အပ်

လန်ဒန်၊ အောက်တိုဘာ-၂၀ ။             ။ အောက်တိုဘာလ ၁၉ရက်နေ့က ဒေါင်းနင်းလမ်း၏ ပြောကြားချက်အရ တရုတ်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ယောက်ဖြစ်သည့် အလီဘာဘာ တည်ထောင်သူ ဂျက်မားကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်လိုက်သည်ဟု ဆိုသည်။

ဗြိတိန်က ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံကြီးနှင့် စီးပွားဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးစားနေရာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဗြိတိန်သို့ ၄ရက်တာ အလည်အပတ်ခရီးမတိုင်မီတွင် ယခုကဲ့သို့ ဂျက်မားကို စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်လိုက်သည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ကင်မရွန်း၏ ပြောခွင့်ရအမျိုးသမီးက သတင်းထောက်များကို ပြောကြားရာတွင် ကင်မရွန်းနှင့် ဂျက်မားတို့နှစ်ဦးမှာ အောက်တိုဘာ ၁၉ရက်နေ့က တွေ့ဆုံခဲ့ကြပြီး လက်ရှိ အလီဘာဘာအုပ်စု၏ အမှုဆောင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မားမှာ ဝန်ကြီးချုပ်၏ စီးပွားရေးအကြံပေးအုပ်စုသို့ လာရောက်ပူးပေါင်းတော့မည်ဖြစ်သည်။ အီး-ရောင်းဝယ်ရေးသူဌေးကြီး မားက အသေးစားနှင့် အလတ်စား ဗြိတိန်စီးပွားရေးလုပ်ငန်းများ ၎င်းတို့၏ ပို့ကုန်များကို မည်သို့မြှင့်တင်ရမည်ကို ကူညီအကြံပေးမည်ဖြစ်သည့်အပြင် အလီဘာဘာကဲ့သို့သော ပလက်ဖောင်းများမှတစ်ဆင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်ရာတွင်လည်း ကူညီမည်ဖြစ်သည်။

လာမည့်ဆယ်စုနှစ်များတွင် ဗြိတိန်၏ စီးပွားရေးဖွံ့ဖြိုးမှုကို ခိုင်မာစေရန် တရုတ်နှင့်ဆက်ဆံရေးမှာ အဓိကကျသည်ဟု ကင်မရွန်းနှင့် ၎င်း၏ ဘဏ္ဍာရေးဝန်ကြီး ဂျော့ချ် အော့စ်ဘွန်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် ဗဟိုလကျ်ာ ကွန်ဆာဗေးတစ်အစိုးရမှာ တရုတ်ကို ခယလွန်းသည်ဟု စွပ်စွဲနေကြပြိး ရှီကျင့်ဖျင်၏ အလည်အပတ်ခရီးတွင် ဆန့်ကျင်မှုများလည်း ပေါ်ထွက်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly