ဂါဇာကမ်းမြောင်တွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးသူ ထပ်တိုးလာပြီး နယ်စပ်၌ အစ္စရေးက တပ်အင်အား ဖြန့်ကြက်

ဂါဇာကမ်းမြောင်တွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးသူ ထပ်တိုးလာပြီး နယ်စပ်၌ အစ္စရေးက တပ်အင်အား ဖြန့်ကြက်

ဂါဇာစီးတီး၊ နိုဝင်ဘာ ၁၄။            ။ ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများ၏ အသေအဆုံးများသည့် အပြန်အလှန်ပစ်ခတ်မှုများ နှစ်ရက်တာအတွင်း ဂါဇာနယ်စပ်တစ်လျှောက် အစ္စရေးက တပ်အင်အားများကို ဖြန့်ကြက် ထားရှိလာခဲ့သည်။

ဂါဇာကမ်းမြောင်တောင်ပိုင်း၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ခြောက်ဦးပါ မိသားစုတစ်စုလုံး သေဆုံးရကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်၌ ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ ရက်နေ့က စတင်သည့် အစ္စလာမ္မစ် ဂျီဟတ် တည်နေရာများကို ပစ်မှတ်ထားသည့် အစ္စရေး၏ စီးနင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသူဦးရေသည် သုံးရက်မြောက်ဖြစ်သော နိုဝင်ဘာ ၁၄ ရက်၌ ၃၂ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

အစ္စရေးဖက်ခြမ်းဆီကိုလည်း ဒုံးကျည်အစင်းပေါင်း ၃၅၀ ခန့်အထိ ပစ်လွှတ်တိုက်ခိုက်ခံရကြောင်း အစ္စရေးစစ်တပ် အချက်အလက်များအရ သိရသည်။

အစ္စရေး၏ ပစ်မှတ်ထားသည့် သုတ်သင်စီးနင်းမှုအတွင်း ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ PIJ ၏ ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးခဲ့ရာမှ အဆိုပါ PIJ အဖွဲ့က အစ္စရေးအား အကန့်အသတ်မရှိ တုံ့ပြန်သွားမည်ဟု ကြုံးဝါးထားသည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးအတွက် ကိုင်ရိုတွင် ဆွေးနွေးပွဲများ ကျင်းပရန် ကုလသမဂ္ဂ သံတမန် နီကိုလေးမလာဒန်နော့ ရောက်ရှိနေသည်ဟု သံတမန်သတင်းရပ်ကွက်က ဆိုသော်လည်း ဆွေးနွေးပွဲများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က နောက်ထပ် တင်းမာမှုများ အရှိန်မြင့်ဖြစ်ပွားနိုင်ဆဲပဲဟု သတိပေးသည်။

အဆိုပါ သတင်းရင်းမြစ်က ၎င်း၏ သတိပေးချက်ကို ထပ်လောင်းပြောဆိုပြီး အချိန်တစ်ခု ယူရမည် ဖြစ်သကဲ့သို့ အစ္စရေးဖက်ကလည်း သက်ညှာမှုမဲ့ လက်တုံ့ပြန်လာနိုင်သည်ဟု သတိပေးပြောဆိုခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly