အီရန်မြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

အီရန်မြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

တီဟီရန်၊ နိုဝင်ဘာ ၁၃ ။         ။ အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်အဆင့်ရှိသည်အထိ ရောက်ရှိနေခြင်းကြောင့် နိုဝင်ဘာ ၁၃ ရက်၌ စာသင်ကျောင်းများ ပိတ်ထားရကြောင်း အာဏာပိုင်များက ပြောသည်။

မြို့တော် တီဟီရန်နှင့် ဂါချက်၊ ပတ်ရှ်ဝါ၊ ဗာရာမင်စသော စီရင်စုများရှိ မူကြိုကျောင်းများနှင့် မူလတန်းကျောင်းများ အားလုံးကို ပိတ်ခိုင်းထားကြောင်း အုပ်ချုပ်ရေးမှူး မိုဆန်နီဘန့်ပေးက ပြောသည်။

“တီဟီရန်မြို့တော်ရဲ့ လေထုညစ်ညမ်းမှုအရည်အသွေး ညွှန်းကိန်းဟာ နုနယ်ပြီး ထိခိုက်မခံနိုင်တဲ့ အုပ်စုတွေအတွက် ကျန်းမာရေး အန္တရာယ် ဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေဆဲဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

မြို့တော်၏ လေထုအတွင်း အမှုန်အမွှား ပါဝင်မှုနှုန်းသည် တစ်ကုဗမီတာလျှင် ၁၃၃ မိုက်ခရိုဂရမ်အထိ ရှိနေပြီး ခရိုင်ဆယ်ခရိုင်တွင် ၁၅၀ မိုက်ခရိုဂရမ်အထိ ရှိနေကြောင်း မိုဆန်နီဘန့်ပေးက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ လေထုအရည်အသွေး ညွှန်းကိန်းအရ ၂၄ နာရီကျော် ကာလပိုင်းအတွင်း လေထုထဲ အမှုန်အမွှား အများဆုံး ပါဝင်နိုင်သည့် ပမာဏသည် တစ်ကီလိုမီတာလျှင် ၂၅ မိုက်ခရိုဂရမ် သတ်မှတ်ထားခြင်း ဖြစ်သည်။

လေထုညစ်ညမ်းမှု ရင်ဆိုင်ကြုံတွေ့နေရာ နယ်မြေဧရိယာများအတွင်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေအိမ်အတွင်းမှာပင် နေထိုင်ကြရန် သတိပေးချက်များလည်း ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly