မူးယစ်ကင်းစင်ရေးအတွက် ရည်ရွယ်ကာ ကျောင်းသား(၁၀၀) ခန့်ကို အခြေခံဘောလုံးနည်းစနစ်များ ပြသ

မူးယစ်ကင်းစင်ရေးအတွက် ရည်ရွယ်ကာ ကျောင်းသား(၁၀၀) ခန့်ကို အခြေခံဘောလုံးနည်းစနစ်များ ပြသ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။          ။ မူးယစ်ကင်းစင်ရေးအတွက် ရည်ရွယ်ကာ Community championship ဘောလုံးသင်တန်းကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံးတို့ ပူးပေါင်း၍ နိုဝင်ဘာလ (၁၃)ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်းမှာ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အမေရိကန်နိုင်ငံသား ဘောလုံးနည်းပြနှစ်ဦးဖြစ်သော လီဆာဘတ်ဂ်  Lisa Berg၊ ဂျွန်နီကောလင်း Johny Collins ၊ မြန်မာဘောလုံးအသင်းနည်းပြများ ဖြစ်ကြသော ဦးမျိုးလှိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်းတို့က တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ လူငယ် ၁၀၀ခန့်ကို အခြေခံဘောလုံးနည်းစနစ်နဲ့ ကစား နည်းများကို တစ်ရက်တာ သင်ကြား ပြသသွားခဲ့သည်။

“အဓိကကတော့ ကျောင်းမှာ ဘောလုံးအားကစားကို ပြန်ကစားနိုင်ဖို့ မေတ္တာရပ်ခံတိုက်တွန်း တာ ပေါ့နော်။ ကျောင်းတွေမှာ ရှစ်နှစ်၊ ဆယ်နှစ်သားက စမလုပ်ဘဲနဲ့ မဖြစ်နိုင်ဘူး။ ဒီလိုပဲ အမျိုးသမီး အားကစားကိုလည်း ကျောင်းတွေမှာ ရှစ်နှစ်၊ ဆယ်နှစ်လောက်က စကစားတယ်ဆို သူတို့အတွက် အနာဂတ်က ရှိလာနိုင်တာပေါ့”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကဆိုသည်။

ထို့အပြင် ကျောင်းသားလူငယ်များအနေဖြင့် အားကစားကို ပိုမိုလိုက်စားပြီး မူးယစ်နှင့်ကင်းဝေးရာတွင် နေထိုင်ခြင်းဖြင့် အားကစားစိတ်ဓာတ်၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေး ပိုမိုကောင်းမွန်ကာ တိုင်းပြည်မှအားကိုးရသော လူငယ်များ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကဆက်ပြောသည်။

“ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့  Community (လူ့အဖွဲ့အစည်း) ထဲမှာ မူးယစ်ဆေးဝါးဆွဲနေတဲ့သူတွေ သူတို့ရဲ့ ဘဝကို ပြန်လည်တည်ဆောက်နိုင်ဖို့ ပတ်ဝန်းကျင်ကနေတဆင့် အားမငယ်ဖို့ ဝိုင်းဝန်း ကူညီဖေးမပေးပြီး  သူတို့ရဲ့ ဘဝတွေ ပိုမိုကောင်းမွန်လာနိုင်ဖို့အတွက် မျှော်လင့်ပါတယ်”ဟု  အမေရိကန်သံရုံးက ယဉ်ကျေးမှုရေးရာအရာရှိ ဂျင်နီဖာ အမ် ရှုအတ်က ဆိုသည်။
Community championship ဘောလုံးသင်တန်းကို  နိုဝင်ဘာလ (၁၆)ရက်နဲ့ (၁၉)ရက်တို့တွင် မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌  အခြေခံဘောလုံးနည်းစနစ်များကို သင်ယူရန် စိတ်ဝင်စားသော လူငယ်များကို ဖိတ်ခေါ်ကာ ထပ်မံပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly