ဦးဝှေ့တင်း အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများကို အမြန်ဆုံးပြန်လွတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် တောင်းဆို

ဦးဝှေ့တင်း အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများကို အမြန်ဆုံးပြန်လွတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် တောင်းဆို
ပုံစာ- အရေးကြီးအဆို တင်သွင်းသူ အောင်မြေသာဇံမဲဆန္ဒနယ်အမှတ် ဒေါက်တာလှမိုး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ တပ်မတော်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် ရက္ခိုင့်တပ်(AA)က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အာဏာရပါတီ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများကို အန္တရာယ်ကင်းစွာဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန် ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းထား ကြောင်း လွှတ်တော်နာယကက ပြောကြားသည်။

အဆိုပါ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်၏ လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက တင်သွင်းထားခြင်းဖြစ်ကြောင်း၊ အရေးကြီးအဆိုပါ အကြောင်းအရာသည် လွှတ်တော် ဆိုင်ရာ နည်းဥပဒေများနှင့်လည်း ညီညွတ်ကြောင်းနှင့် ယင်းအဆိုနှင့်ပတ်သက်ပြီး အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မွန်းလွဲပိုင်းတွင် လုပ် ဆောင်မည်ဟု နိုဝင်ဘာ ၁၃ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အစပိုင်းတွင် ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေးခဲ့သည်။

ဦးဝှေ့တင်းကို ဖမ်းဆီးခြင်းသည် “နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်း” ဟု ဆိုကာ “ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းအား လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်ပေးပါရန် တောင်းဆိုကြောင်း” ဒေါက်တာလှမိုး၏ အရေးကြီးအဆိုတွင် ပါရှိသည်။

ယင်းအရေးကြီးအဆိုနှင့်ပတ်သက်ပြီး AA ၏ သဘောထားကို သိရှိနိုင်ရန် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား ၅ ဦး၊ ဘာသာပြန် ၂ ဦး နှင့် Speed Boat အမြန်ရေယာဉ်ငယ်မောင်း စသည့် လူ ၁၀ ဦးပါ အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမှ ရခိုင် ပြည်နယ် ကျောက်တော်သို့ ရေလမ်းကြောင်းဖြင့် သွားစဉ် ရက္ခိုင့်တပ်(AA)က ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နောက်တစ်ရက်အကြာတွင် ဦးဝှေ့တင်းမှအပ ကျန် ကိုးဦးကို AA က ပြန်လွှတ်ပေးခဲ့သည်။ သို့သော် အသက် ၆၀ အရွယ် အိန္ဒိယနိုင်ငံသား မစ္စတာဗီနူးဂိုလ်ပဲသည် နှလုံးရပ်ကာ သေဆုံးခဲ့သည်။

ဦးဝှေ့တင်းသည် “ရက္ခိုင့်တပ် ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း၊ တပ်မတော်၏ ဝါဒဖြန့်မှုများကို ဖြန့်ဝေခြင်း၊ လူနည်းစု မျိုးနွယ်စုများအကြား အမုန်းစကားများ ပြောဆိုကာ သွေးခွဲနေခြင်း၊ မြန်မာ စစ်တပ်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေခြင်း” စသည်တို့ကြောင့် ဖမ်းဆီးရခြင်းဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအချို့ကိုလည်း ဦးဝှေ့တင်းထံမှ ရရှိထားပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ရက်တွင် AA ဘက်က ကြေငြာချက် ထုတ်ပြန်ထားသည်။

အထက်ပါ လုပ်ရပ်မျိုး လုပ်ဆောင်နေသော မည်သူ့ကိုမဆို တော်လှန်ရေးကာလ၏ အခြေအနေလိုအပ်ချက်အရ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် AA က ၎င်းတို့ ဖမ်းဆီးထားသူများကို တပ်မတော်ဘက်က ဖမ်းဆီးထားသူများနှင့် လဲလှယ်လိုကြောင်း နိုဝင်ဘာ ၁၁ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့သေးသည်။

AA က သုံ့ပန်းခြင်း လဲလှယ်လိုကြောင်း ထုတ်ပြန်ထားသည့် လူစာရင်းတွင် အောက်တိုဘာ ၂၆ရက်က “ရွှေနဒီ” အမြန်ယာဉ်ပေါ်တွင် ဖမ်းဆီးထားသည့် ရဲနှင့် တပ်မတော်သား (၁၇)ဦးသာ ပါဝင်ပြီး လွှတ်တော်အမတ် ဦးဝှေ့တင်း ပါဝင်ခဲ့ခြင်း မရှိပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly