မတ္တရာမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများကို တားမြစ်ရန် စီစဉ်

မတ္တရာမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများကို တားမြစ်ရန် စီစဉ်
(ဓာတ်ပုံ-နှင်းစန္ဒာအေး)ပုံစာ-ရွှေတူဖော်နေသည့်နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနေစဉ်။

မန္တလေး၊ နိုဝင်ဘာ ၁၃။     ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု ကင်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေမှုများကို တားမြစ်သွားရန်အတွက် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်ဟု သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က မဇ္ဈိမကိုပြောသည်။

"သက်ဆိုင်ရာ သတ္တုတွင်းဦးစီးတို့ အထွေထွေ အုပ်ချုပ်ရေးတို့ ကွင်းဆင်းပြီးပြီလေ။ကွင်းဆင်းပြီးတော့ ဒါတွေက လုပ်ခွင့်မရှိဘူးပေါ့နော်။အဲဒါ တားမြစ်ရမှာပေါ့။"ဟု ဦးမျိုးသစ်ကပြောသည်။

ထိုသို့ တားမြစ်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၁ ရက်နေ့က မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေ မြို့နယ်အုပ်ချုပ် ရေးမှူး  ဦးဇော် ဝင်း ကြိုင်၊ မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"တူးထားတာတော့ဟုတ်တယ်။လိုဏ်ခေါင်းပုံစံတူးထားတာတွေ့တယ်။ပေ လေးငါးခြောက်ဆယ် လောက် ရှိမယ်။ပေတော့ မတိုင်းခဲ့ဘူးပေါ့ဗျာ။ကျင်းကို တည့်တည့်တူးထားတာရှိတယ်။နှစ်ပေ သုံးပေ။ပေ သုံးလေး ဆယ် လောက် ရှိတာတွေလည်းရှိတယ်။ အခုတော့ တားထားတယ်ပေါ့ဗျာ။ တရားမဝင်လည်းဖြစ်တယ်။လောလောဆယ်တားထားတယ်။နောက်ရက် ဗီးနိုင်းတွေ ကပ်မယ်။ အန္တရာယ်ရှိသည် ဆက်လက်မကိုင်ရန်ပေါ့ဗျာ။ တားမြစ်သွားမှာပေါ့။ ရွာသားတွေကိုလည်း အန္တရာယ် ရှိလို့ မလုပ်ကိုင်ရန်ဆိုပြီး သတိပေးမှတ်ချက် လက်မှတ်ထိုးခိုင်းထားပါတယ်။"ဟု ကွင်းဆင်းစစ်ဆေး ရာတွင် ပါဝင်သည့် မတ္တရာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပြီး ဒေသခံများအနေဖြင့် ၎င်း နေရာတွင် လက်လုပ်လက်စား လုပ်ကိုင်ခွင့် လျှောက်ထားပါက ထောက်ခံ ပေးသွားမည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကဆိုသည်။

"ကျွန်တော်ကတော့ ဝန်ကြီးရော အကြောင်းကြားတယ်။အစိုးရအဖွဲ့ရော အကြောင်းကြားထားတယ်။ အန္တရာများတယ်။ ခွင့်ပြုမယ်ဆိုလို့ရှိရင်လည်း တစ်နိုင်တပိုင် ခွင့်ပြုမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဘက်ကနေ ပြောမယ်ဆိုရင်တော့ ထောက်ခံပေးမှာပေါ့နော့။သူတို့ ခွင့်ပြုလို့ ရတဲ့အချိန်ကြ ခွင့်ပြုပေါ့။ လုပ်ငန်းသဘောတရားအရတော့ မြေစာရင်း ဘာညာနဲ့ မြေရာဇဝင်လုပ်ပြီး ကျွန်တော်တို့ဘက်က ထောက်ခံစရာရှိရင် တစ်နိုင်တပိုင် လုပ်ချင်ရင် ထောက်ခံပေးလိုက်မယ်။ဒါပေမယ့် တစ်ခုရှိတာက အန္တရာယ်များတော့ သတ္တုတွင်းကနေ ဘယ်လိုပုံစံတူးသင့်တယ်ဆိုတဲ့ အကြံပြုချက်လေး လုပ်ဖို့လို တယ်ပေါ့။အဲလိုလေးတော့ပြောထားတယ်။"ဟု ဦးမင်းမင်းကပြောသည်။

ဒေသခံများအနေဖြင့် ၎င်းနေရာတွင် တစ်နိုင်တပိုင် ရွှေရှာဖွေမှုများကို ၂၀၁၂ခုနှစ်မှစတင်၍ လုပ်ကိုင် ခဲ့သည်မှာ ယနေ့ အချိန်ထိဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ချို့ လာရောက်တူးဖော်မှုများလည်း ရှိကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူ ဒေသခံ တစ်ဦးက မဇ္ဈိမကိုပြောသည်။

"အရင်ကတည်းက ဒီနေရာကို လာတူးနေကြတာပါ။ ကျွန်တော်တို့ တောတက်တိုင်း တွေ့နေရတယ်။ တစ်ချို့ဆို ဗမာစကားတောင် မတတ်ဘူး။ ရွာကလူတွေလည်းတူးတာပဲ။ သိပ်မထွက်ဘူး။ အခု လိုဏ် ဖြစ်နေတာတွေက အရင်တရုတ်တွေလာတူးထားတာကို ရွာက လူတွေက ဆက်တူးတာ။ ရွှေ ကတော့ သိပ်မရပါဘူး။အလုပ်မရှိ ပျင်းရင်း တက်တူးနေတာပဲ။ဟိုနေ့ကတော့ လာစစ်ဆေးတာ တွေ့တယ်။"ဟု မျက်မြင်တွေ့သူ ဒေသခံတစ်ဦးကပြောသည်။

ဒေသခံတစ်ချို့နှင့်ရွှေရှာဖွေေနသူတစ်ချို့က တရုတ်နိုင်ငံသားများ လာရောက်တူးဖော်နေသည်ဟု ဆိုသော်လည်း ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သွားရောက်စဉ် တရုတ်နိုင်ငံသားများ တူးဖော်နေသည်ကို မတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကဆိုသည်။

"ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ တရုတ်နိုင်ငံသား မတွေ့ရပါဘူး။ဒေသခံတွေ မေးကြည့်တော့ လည်း တရုတ်နိုင်ငံသား လာတူးတာမတွေ့ရဘူးလို့ပြောတယ်။"ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကပြောသည်။

ယခင်က ဒေသခံအများစု ရွှေရှာဖွေတူးဖော်နေရာမှ ပြီးခဲ့သည့် ဇွန်လခန့်မှစတင်ကာ ခေါင်းဆောင် ၂၀ ဦးမှ ဦးဆောင်၍ အုပ်စုဖွဲ့တူးဖော်မှုများ ရှိလာပြီး ၎င်းအဖွဲ့က တခြားနယ်မှ လာရောက်တူးဖော် ချင် သည့်သူတစ်ချို့ လာရောက်ခေါ်ယူပါကလည်း နေ့စားဖြင့် လိုက်လံလုပ်ကိုင်ပေးကြောင်း သိရသည်။

"ဘာမှသိပ်မရဘူး။နေ့တွက်ပဲ။တစ်ရက် ခုနှစ်ထောင် ရှစ်ထောင်တော့ ရတယ်။ ကိုယ်တိုင်လည်း တူး တယ်။ လာခေါ်ရင်လိုက်ကြတယ်။ လာတူးတဲ့သူ အများစုကတော့ ရှုံးပြန်ရတာများတယ်။ ရွှေက မထွက်ဘူး။"ဟု အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ နေရာအား တားမြစ်မှုများဆောင်ရွက်နေပြီး ရက်ပိုင်းအတွင်း "မတူးဖော်ရ။ အန္တရာယ် ရှိသည်။" စသည့် စာသားပါသော ဗီးနိုင်းများတပ်သွားမည်ဖြစ်ေကြာင်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများလည်း လုပ်ဆောင်နေကြောင်းသိရသည်။

"အခုမှာ လာတားတော့ ကျွန်တော်တို့ ထမင်းငတ်တာပေါ့။ သေချာလုပ်ပေးစေချင်တယ်။ အခုမှ လာကြည့် တားတာပဲ။အရင်ကလည်းတူးနေတာလေ။ တစ်နိုင်တပိုင် ချပေးလည်း ဘယ်သူက လျှောက်မှာလည်းပေါ့။  လော  လော ဆယ်တော့ မလုပ်နဲ့ဆို မလုပ်ရုံပေါ့ဗျာ။မလုပ်ဖို့လည်း လက်မှတ်ထိုး ထားရတယ်။"ဟု နောက်ထပ်ဒေသခံ တစ်ဦးကလည်း ပြောသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က "ရီပို့ ကျွန်တော်ဖတ်ရပါတယ်။ဒါမျိုးက ခွင့်ပြုချက်မရှိဘဲ မတူးရဘူးလေ။ ဘာပဲ ထွက်ထွက်ပါ။သတ္တုတွင်း ဥပ ဒေရှိပါတယ်။လုပ်လို့မရဘူးလေ။အဲဒီတော့ ဖမ်းတာ ဆီးတာမရှိရအောင် အာဏာပိုင်က ဒါ ထိန်းသိမ်းရမှာပေါ့ဗျာ။"ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly