ကလေးဘဝစိတ်ဒဏ်ရာဆိုတာ

ကလေးဘဝစိတ်ဒဏ်ရာဆိုတာ

ရေးသားသူ Dr. Seinn Moe Satt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရွယ်ရောက်ပြီးသား လူကြီးတွေ မကြာမကြာပြောတတ်တဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါဖြစ်တုန်းကသူ့အသက်ငယ်ငယ်လေးလေ၊ သူအဲလောက်ထိခိုက်မှာမဟုတ်ပါဘူး၊ ကြီးလာရင်မှတ်မိမှာလဲ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ တစ်ဘဝလုံးကိုထိခိုက်သက်ရောက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အနာတရရထားတဲ့ ကလေးတစ်ယောက်ဟာ တစ်သက်လုံးထိခိုက်ခံစားနေရမယ်တော့မဟုတ်ပါဘူး။ လူကြီးတွေအနေနဲ့ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားရတယ်ဆိုတာသိရင် အဲဒီကနေ လွတ်မြောက်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် လိုအပ်လာရင် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူနဲ့ ကလေးကို တိုင်ပင်ဆွေးနွေးခွင့်ရဖို့ပါ ဆောင်ရွက်ပေးသင့်တာပါ။
ကလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဘယ်ကရသလဲ

ခန္ဓာကိုယ် ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စတာတွေဟာ ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ ထင်ရှားတဲ့ဥပမာတွေပါ။ တစ်ကြိမ်တစ်ခါတည်းဖြစ်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့အဖြစ်အပျက်တွေ ဥပမာ ကား အက်ဆီးဒန့်ဖြစ်တာ၊ နာဂစ်လို လေမုန်တိုင်းတိုက်တာ၊ ပြင်းထန်ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ကြုံရတာတွေကလည်း ကလေးတစ်ယောက်အဖို့ စိတ်ဒဏ်ရာရစေပါတယ်။ နေ့တိုင်းဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဥပမာ ကြမ်းတမ်းတဲ့ အိမ်နီးနားချင်းရှိတာ၊ အနိုင်ကျင့်ခံရတာ စတာတွေကလည်း လူကြီးတစ်ယောက်အတွက် အရေးသိပ်မကြီးတဲ့ နေ့စဉ်ဘဝဖြစ်နေနိုင်ပေမယ့် ကလေးတစ်ယောက်အတွက်တော့ စိတ်ဒဏ်ရာရစေပါတယ်။
 

ယေဘုယျအားဖြင့်ပြောရရင် မျှော်လင့်မထားဘဲ ရုတ်တရက်ဖြစ်ရင်၊ ခဏခဏထပ်ဖြစ်ရင်၊ ရက်စက်ကြမ်းကြုတ်ရင်၊ ကလေးဟာ အဲဒီအဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ခွင့်မရှိထားရင် အဖြစ်အပျက်တိုင်းဟာ ကလေးအတွက်စိတ်ဒဏ်ရာရစေတာချည်းပါပဲ။ ကလေးကိုတိုက်ရိုက်ဖြစ်မှမဟုတ်ပါဘူး၊ ကလေးချစ်ခင်တဲ့ တစ်စုံတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာကို မြင်တွေ့ရရင်လဲ ကလေးမှာ စိတ်ဒဏ်ရာ ရနိုင်ပါတယ်။
 

ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနာတရတွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာ တွေ့ကြုံခံစားရတတ်ပါတယ်။ အများစုကတော့ အချိန်တိုအတွင်းမှာ ပြန်သက်သာသွားတတ်ပြီး တချို့သော ကလေးတွေမှာတော့ ဒီအဖြစ်အပျက်ကို သူတို့စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်ခံစားမိနေတတ်ပါတယ်။ တချို့ကလေးတွေကတော့ သူတို့ကစားတဲ့အခါ အဲဒီအဖြစ်အပျက်ကို ထည့်ကစားတတ်ပါတယ်။တစ်ခါတစ်ရံမှာတော့ ကလေးတွေဟာ ဒီလိုအဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကို ရိပ်မိသင့်ခဲ့ရက်နဲ့ သူတို့မရိပ်မိခဲ့လို့ ဒီလိုဖြစ်ရတာဆိုတဲ့ အတွေးမျိူးရှိပြီး အလားတူအဖြစ်အပျက်မျိူးဖြစ်လာရင် သိနိုင်အောင် စိုးရိမ်ထိတ်လန့်သတိအနေအထားနဲ့နေတတ်ကြပါတယ်။

ဒါ့အပြင် ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ဒေါသကြီးခြင်း၊ ကိုယ့်ကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခြင်း၊ အထီးကျန်ခြင်း၊ ကိုယ့်ကိုယ်ကို သူများနဲ့မတူဘဲ ကွဲထွက်နေတယ်လို့ထင်ခြင်း၊ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း၊ အခြားသူတွေကို ယုံကြည်မှုမရှိခြင်းစတာတွေကြုံတွေ့ရနိုင်ပါတယ်။
ကလေးတစ်ယောက်ဟာ စိတ်ထိခိုက်စရာအတွေ့အကြုံတစ်ခုခုကို တွေ့ကြုံရပြီးတဲ့နောက် အောက်ဖော်ပြပါ လက္ခဏာတွေရှိမရှိကို လအနည်းငယ်ကြာတဲ့အထိစောင့်ကြည့်သင့်ပါတယ်။

  •     သေခြင်းတရားအကြောင်းကိုတွေးခြင်း၊ ဒါမှမဟုတ် လုံခြုံမှုမရှိခြင်း
  •     အိပ်စက်ခြင်းဆိုင်ရာပြဿနာရှိခြင်း
  •      အစားအလွန်အကြူးစားခြင်း သို့မဟုတ် လုံးဝမစားခြင်း
  •     ဒေါသကြီးတတ်လာခြင်း
  •     အာရုံစူးစိုက်မရဖြစ်နေခြင်း
  •     ကျောင်းတက်ဖို့ငြင်းဆိုခြင်း
  •     ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းလို စမ်းသပ်မရတဲ့ ဝေဒနာများဖြစ်သည်ဟုပြောခြင်း
  •      တစ်နေ့တာဆောင်ရွက်ရမယ့် ကိစ္စတွေမှာ စိတ်ပါ၀င်စားမှုမရှိခြင်း
  •     စိတ်ဆတ်ခြင်း
  •     ၀မ်းနည်းခြင်း

ရေရှည်ကျန်းမာရေးပိုင်းဆိုင်ရာထိခိုက်မှုများ
၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ကလေးဘဝ စိတ်ဒဏ်ရာများလေ အရွယ်ရောက်တဲ့အခါ ကျန်းမာရေးထိခိုက်လေဆိုတာပါပဲ။ ပန်းနာရင်ကြပ်၊ စိတ်ဓာတ်ကျရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုရောဂါ စတာတွေဟာ ငယ်ဘဝစိတ်ဒဏ်ရာများခဲ့တဲ့သူတွေမှာ သိသိသာသာ ပိုအဖြစ်များပါတယ်။ Relationship ပိုင်းဆိုင်ရာပြဿနာတွေ ကလေးတစ်ယောက်ဟာ သူ့ကိုစောင့်ရှောက်သူဘယ်သူနဲ့မဆို ဆက်နွယ်မှုခံစားချက်အားကောင်းဖို့လိုအပ်ပါတယ်။ အားမကောင်းဘဲ စောင့်ရှောက်သူနဲ့ ကလေးရဲ့ relationship မကောင်းဘဲ ပျက်ယွင်းခဲ့ရင် ကလေးငယ်ဟာ တခြားသူတွေကို ယုံကြည်ဖို့၊ သူ့စိတ်ခံစားချက်တွေကို စီမံခန့်ခွဲတတ်ဖို့၊ သူ့ပတ်၀န်းကျင်က လူတွေနဲ့ပူးပေါင်းဆက်နွယ်ဖို့ ခက်ခဲလာတတ်ပါတယ်။ သူ့ကိုစောင့်ရှောက်သူကိုတောင်မှ သူယုံကြည်လို့မရဘူးလို့ ကလေးတစ်ယောက်ကခံစားသွားရရင် သူ့ဘေးမှာရှိတဲ့ ကမ္ဘာလောကကြီးဟာ ကြောက်စရာကောင်းတဲ့နေရာတစ်ခု၊ လူကြီးတွေဟာ သူ့အတွက်အန္တရာယ်များတယ် စသဖြင့်ထင်မြင်ယူဆသွားပြီး ကလေးဘဝတင်မက လူကြီးဘဝရောက်သည်အထိ မိတ်ဆွေအပေါင်းအသင်းအရေး၊ အချစ်ရေးအပါအဝင် အိမ်ထောင်ရေးမှာပါ ထိခိုက်လာတတ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly