ဒေလီတွင် သက်ငယ်မုဒိမ်းမှုများကြောင့် လူပျိုပေါက်များကိုလည်း လူကြီးများကဲ့သို့ တရားစွဲတော့မည်

ဒေလီတွင် သက်ငယ်မုဒိမ်းမှုများကြောင့် လူပျိုပေါက်များကိုလည်း လူကြီးများကဲ့သို့ တရားစွဲတော့မည်

နယူးဒေလီ၊ အောက်တိုဘာ ၂၀ ။           ။ ဒေလီတွင် ငယ်ရွယ်သေးသည့် မိန်းကလေးနှစ်ဦးမှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံရမှုနှစ်မှု ဖြစ်ပွားပြီးနောက် လူပျိုပေါက်အရွယ်များကိုလည်း လူကြီးများကဲ့သို့ တရားစွဲနိုင်ရန်နှင့် မုဒိမ်းမှုတရားခွင်များကို လျင်မြန်စွာစစ်ဆေးရန် အိန္ဒိယမြို့တော်ရှိ အာဏာပိုင်များက စီစဉ်နေသည်ဟု ဒေလီ၏ ဝန်ကြီးချုပ် အာဗင်ကက်ဂျ်ရီဝါလ်က အောက်တိုဘာ ၁၉တွင်ပြောကြားခဲ့သည်။

ဒေလီအနောက်ပိုင်းတွင် နှစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက် အောက်တိုဘာ ၁၈က လူပျိုပေါက်အရွယ် ယောက်ျားလေးနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုတွင် ဒေလီအရှေ့ပိုင်းတွင် ငါးနှစ်အရွယ်မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။

ယင်းအမှုနှစ်ခုကြောင့် သီတင်းပတ်အကုန်က ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁၆သန်းနေထိုင်လျက်ရှိသော ဒေလီမြို့တော်ရှိ အမျိုးသမီးများနှင့် ကလေးများ၏ လုံခြုံမှုခိုင်မာစေရန်နှင့် လိင်ပိုင်းဆိုင်ရာပြစ်မှုများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများရှာဖွေရန် ဝန်ကြီးများအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကက်ဂျ်ရီဝါလ်က ပြောသည်။

မုဒိမ်းမှုအတွက် ပြစ်ဒဏ်များအမြန်ချမှတ်နိုင်သည့် တရားရုံးများတိုးပွားလာစေရန် ရံပုံငွေများ ခွဲဝေချထားရန် စီစဉ်ထားကြောင်းလည်း ကက်ဂျ်ဝါလ်က ပြောသည်။

ဒေလီအစိုးရသည် မုဒိမ်းမှုကဲ့သို့ပြစ်မှုကြီးများအတွက် အသက် ၁၅နှစ်နှင့်အထက် လူငယ်များကိုလည်း လူကြီးများကဲ့သို့ တရားခွင်စစ်ဆေးရန် စဉ်းစားလျက်ရှိသည်ဟု ၎င်းကဆိုသည်။

အရွယ်မရောက်သေးသူများအတွက် ပြဋ္ဌာန်းထားသော Juvenile Justice Act ဥပဒေအရ ၁၈နှစ်အောက်ရှိသူကို အရွယ်မရောက်သေးသည့်ကလေးအဖြစ်သတ်မှတ်ပြီး ပြစ်ဒဏ်အဖြစ် လူငယ်ပြုပြင်ရေးကျောင်းတွင် သုံးနှစ်နေရသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အောက်တိုဘာ ၁၆က ယောက်ျားလေးနှစ်ဦးသည် နှစ်နှစ်ခွဲအရွယ်မိန်းကလေးနှစ်ဦးကို ခေါ်ဆောင်သွားကာ မုဒိမ်းပြုကျင့်ပြီး မိန်းကလေးကို သူမ၏အိမ်အနီးတွင် ပစ်ထားခဲ့သည်။ အခြားဖြစ်စဉ်တွင် ငါးနှစ်အရွယ်မိန်းကလေးတစ်ဦးမှာ အိမ်နီးချင်းတစ်ဦး၏ အိမ်သို့သွေးဆောင်ခေါ်ယူခံရပြီး အမျိုးသားသုံးဦးက မုဒိမ်းကျင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly