တရုတ်သမ္မတရှီကျင့်ဖျင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင်က လေးရက်တာနိုင်ငံတော်ခရီးစဉ်အဖြစ် ဗြိတိန်သို့ စတင်ရောက်ရှိပြီဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက နှစ်နိုင်ငံကြား ဆက်ဆံမှု ရွှေခေတ်ရောက်ပြီဟု ဆိုလျက် ကြိုဆိုဂုဏ်ပြုခဲ့သည်။

နှစ်နိုင်ငံကြား ဆွေးနွေးပွဲများအတွက်လည်း အဆင်သင့်ပင်ဖြစ်ကြောင်း ကမ်မရွန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လူ့အခွင့်အရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုများအရေး တို့ကိုလည်း နှစ်နိုင်ငံကြား ဆွေးနွေးသွားဖွယ်ရှိသည်။

တက္ကသိုလ်အဓိပတိ ဂျော့အော့စဘွန်းက ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ရှီကျင့်ဖျင်၏ ဗြိတိန်ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်သို့ရောက်ရှိစဉ် အော့စဘွန်းက အနောက်နိုင်ငံများတွင် တရုတ်၏ အကောင်းဆုံးမိတ်ဖက်အဖြစ် ဗြိတိန်နိုင်ငံကို အစိုးရက ရည်မှန်းစိတ်ထားကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်ရှိ နျူကလီးယားလျှပ်စစ်စွမ်းအင်စက်ရုံများတွင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှုကို ဗြိတိန်က ခွင့်ပြုပေးလိမ့်မည်ဖြစ်ကြောင်း အော့စဘွန်းက ယခုလအစပိုင်းကလည်း ကြေညာထားခဲ့သည်။

သမ္မတရှီကျင့်ဖျင် လာရောက်လည်ပတ်မှုသည် အလွန်အရေးပါသည့် ဖြစ်စဉ်ဖြစ်ကြောင်း ကမ်မရွန်းက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကွန်မြူနစ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့်အတူ ဇနီးဖြစ်သူပါလိုက်ပါလာပြီး ဟီသရူးလေဆိပ်သို့ ရောက်ရှိစဉ် ဘုရင်မကြီးကိုယ်စား သူကောင်းပြုခံမှုးမတ်များက ကြိုဆိုကြသည်။ နိုင်ငံခြားရေးဝန်ကြီး ဖလစ်ဟမ်မွန်လည်း လာရောက်ကြိုဆိုသည်။

ရှီကျင့်ဖျင်ခရီးစဉ်တွင် တော်ဝင်မိသားစုဝင်များနှင့် တွေ့ဆုံကာ ဘတ်မင်ဂမ်နန်းတော်တွင် ခေတ္တနေထိုင်ပြီး စီးပွားရေးလုပ်ငန်းများသို့ သွားရောက်လည်ပတ်မည်ဖြစ်သကဲ့သို့ ဝတ်မင်စတာရှိ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly