သုံ့ပန်းချင်းလဲလှယ်လိုသည်ဟု AA ထုတ်ပြန်

သုံ့ပန်းချင်းလဲလှယ်လိုသည်ဟု AA ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။         ။ စစ်ဖက်နှင့် သက်ဆိုင်သည့် သုံ့ပန်းချင်းလဲလှယ်လိုသည်ဟု ရက္ခိုင့်တပ် (AA) က နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ထုတ်ပြန်ချက်သည် တပ်မတော်သို့ရည်ရွယ်ကာထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်ကာ စစ်ဖက်နှင့်သက်ဆိုင်သည့် သုံ့ပန်း (၁၆) ဦးကို လက်ရှိ ထိန်းသိမ်းထားကြောင်း AA ဘက်မှဆိုသည်။

သို့သော်လည်း ၎င်းတို့အဆိုပြုခဲ့သည့် သုံ့ပန်း (၁၆) ဦးထဲတွင် ချင်းအမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းတစ်ယောက် ပါဝင်လာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း AA နှင့်ပတ်သက်သည်ဟုဆိုကာ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသောသူများနှင့် တပ်မတော်မှ ဗိုလ်ကြီးအဆင့်အပါအဝင်  (၁၆) ဦးတို့ကို  AA ဘက်မှ လဲလှယ်လိုခြင်းဖြစ်သည်။

မည်သူတို့ကို လွှတ်ပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း တိတိကျကျသိရန် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို  မဇ္ဈိမက  ဖုန်း ဖြင့် ဆက်သွယ်ခဲ့ရာ ယခုအချိန်တွင် အစိုးရ၊ တပ်မတော်ဘက်မှ သဘောထားကို စောင့်ရဦးမည်ဟု ဆိုသည်။

“ သူတို့ဘက်က သဘောတူတဲ့အချိန်ကျရင်တော့ ဘယ်သူ့၊ ဘယ်သူကိုလွှတ်ပေးဆိုတာကတော့ အဲ့အချိန်ကျမှပြောမှာပေါ့ “ ဟု ၎င်းက ဆိုသည်။

ဖမ်းဆီး တရားစွဲဆိုခံထားရသည့်အထဲတွင် အရပ်သားများရှိသကဲ့သို့ AA တပ်ဖွဲ့ဝင်များလည်း ဖမ်းဆီးခံထားရသည်ဟု ခိုင်သုခက ပြော သည်။

လက်ရှိ AA  နှင့်ပတ်သက်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသည့်အထဲ တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမအရင်းနှင့် ဆွေမျိုးနီးစပ်သူများ လည်းပါဝင်နေသည်။

အကယ်၍ အစိုးရ၊ တပ်မတော်တို့ဘက်မှ အကျဉ်းသားလဲလှယ်ရေးကို သဘောမတူပါက ၎င်းတို့ဘက်မှလည်း အဆိုပါ သုံ့ပန်းများကို ထပ်မံဖမ်းဆီးထား ရမည်ဟုလည်း AA ဘက်မှ ဆိုသည်။

ထို့ကြောင့် တပ်မတော်၏ သဘောထားကို သိရှိနိုင်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဖြင့် ထပ်မံဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

“နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေသည့် အချိန်ကာလများတွင် ကြားဝင်စေ့စပ် ပေးနိုင်မည့် သူများရှိ ပါက အဆိုပါ သုံ့ပန်းများကို အပြန်အလှန်လွှတ်ပေးရန်သဘောထားရှိပါကြောင်း”  ဟု AA ဘက်မှထုတ်ပြန်စာတွင်ရေးသားဖော်ပြထားသည်။

အထက်ပါအခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ဥပဒေပညာရှင် တစ်ဉီးလည်းဖြစ်သူတစ်ဦးထံ သို့ဆက်သွယ်ခဲ့ရာ ထုတ်ပြန်စာအား ဉပဒေကြောင်းအရ လေ့လာနေဆဲဖြစ်၍ ချက်ချင်းဖြေကြား ပေးရန် မဖြစ်နိုင်ဟု ဆိုသည်။

ရက္ခိုင့်တပ်(AA) နှင့် တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲများမှာ အချိန်တစ်နှစ်ခန့်အထိကြာမြင့်လာပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း တစ်နေ့ တစ်ခြားတိုး၍လာနေသည်။

အလားတူ နှစ်ဖက်လုံးမှနေ၍ ဖမ်းဆီးစစ်ဆေးမှုများလည်းရှိနေပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့်မှာလည်း စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly