ဘိုလီးဗီးယားသမ္မတရာထူးမှ နုတ်ထွက်လိုက်ရသည့် မိုရာလက်စ် မက္ကဆီကိုတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ

ဘိုလီးဗီးယားသမ္မတရာထူးမှ နုတ်ထွက်လိုက်ရသည့် မိုရာလက်စ် မက္ကဆီကိုတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ

နိုဝင်ဘာ ၁၂ ။           ။ ဘိုလီးဗီးယား သမ္မတအဖြစ်မှ နုတ်ထွက်သွားခဲ့ရသည့် အီဗို မိုရာလက်စ်အား နိုင်ငံရေးခိုလှုံခွင့်ပေးမည်ဟု မက္ကဆီကို အစိုးရက ထုတ်ပြန်ကမ်းလှမ်းခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်ကိုလည်း မိုရာလက်စ်က မဆိုင်းမတွ လက်ခံခဲ့သည်။

ယင်း လက်တင်အမေရိကနိုင်ငံတွင် ရွေးကောက်ပွဲ မဲမသမာမှု အပေါ် ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ်  ပေါ်ပေါက်ပြီးနောက် မငြိမ်မသက်မှုများအတွင်း နိုဝင်ဘာ ၁၀ ရက်က သမ္မတ မိုရာလက်စ် ရာထူးမှ နုတ်ထွက်ပေးလိုက်ရခြင်း ဖြစ်သည်။

ယင်းနောက် မစ္စတာ မိုရာလက်စ်အား နိုင်ငံရေး ခိုလှုံခွင့် ပေးမည်ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရာ့ဒ်က ကြေညာသွားခဲ့သည်။

ယခုအခါ မိုရာလက်စ်က ၎င်းအနေဖြင့် မက္ကဆီကို သို့ သွားရောက်မည်ဖြစ်ကြောင်း၊ မကြာမီ ပိုမို ကောင်းမွန်သည့် အင်အားဖြင့် ပြန်လည်မည်ဖြစ်ကြောင်း တွစ်တာကနေတဆင့် ထုတ်ပြန်သွားသည်။

အလားတူ ၎င်းတို့အစိုးရအနေဖြင့် အာဏာသိမ်းမှုနှင့်အတူ ဖြုတ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း မိုရာလက်စ်က ပြောဆိုသွားခဲ့သေးသည်။

လက်ရှိ ဘိုလီးဗီးယားတွင် မစ္စတာ မိုရာလက်စ် နုတ်ထွက်သွားပြီးနောက် ဖွဲ့စည်းပုံအရ ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူရသည့် ဆိနိတ် ဒုဥက္ကဌ ဂျနင်း အေနက်ဇ်က  သူမအနေဖြင့် နိုင်ငံတွင်ရွေးကောက်ပွဲသစ်များကို အမြန်ဆုံးခေါ်ယူပေးသွားမည်ဟု ကတိပြုသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly