လီဗာပူးလ်ကို မန်စီးတီး လိုက်မီနိုင်မလားဆိုတာ မှော်ဆရာမဟုတ်လို့ မသိဘူး - ဂွာဒီယိုလာ

လီဗာပူးလ်ကို မန်စီးတီး လိုက်မီနိုင်မလားဆိုတာ မှော်ဆရာမဟုတ်လို့ မသိဘူး - ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာက အန်ဖီးလ်မှာ လီဗာပူးလ်ကို (၃-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံအပြိုင်လုရမှာ ပြိုင်ဘက်အသင်းကို လိုက်မီနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သူက မှော်ဆရာတစ်ယောက်မဟုတ်တဲ့အတွက် မသိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီရှုံးပွဲဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၃)ပွဲမြောက် ရှုံးပွဲလည်းဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ (၉)မှတ်အထိ ကွာဟခဲ့ပြီဖြစ်သလို နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့ကြောင့် မန်စီးတီးဟာ ဖိအားများနေပြီဖြစ်ပါတယ်။

စီးတီးဟာ ၂၀၀၉ ခုနှစ်က မန်ယူအသင်းနောက်ပိုင်း (၃)ကြိမ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ပထမဆုံးအသင်းဖြစ်လာဖို့ ရည်မှန်းနေတာဖြစ်ပေမယ့် အခုချိန်မှာတော့ ဇယား အဆင့် (၄)နေရာကို ရောက်ရှိနေပါတယ်။

လီဗာပူးလ်ကို လိုက်မီနိုင်မလားဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာက "မသိပါဘူး။ ကျနော်က မှော်ဆရာတစ်ယောက်မှ မဟုတ်တာ၊ အနာဂတ်ကို ကျနော် မသိနိုင်ပါဘူး။"လို့ ပြောပါတယ်။

"နောက်လာမယ့်ပွဲက ချယ်လ်ဆီးနဲ့ အိမ်ကွင်းမှာ ကစားဖို့ရှိတယ်။ ကျနော်တို့ သူတို့ကို အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်တယ်။"

မန်စီးတီးဟာ နိုင်ငံတကာပွဲတွေအပြီးမှာ ချယ်လ်ဆီးနဲ့ ကစားသွားရမှာဖြစ်ပြီး အသင်းအနေနဲ့ အန်ဖီးလ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့လည်း ဂွာဒီယိုလာက မျှော်လင့်နေတာပဲဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly