အတိုက်အခံအနိုင်ရရင် စစ်ပွဲသစ်တစ်ရပ် ပေါ်ပေါက်လာမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် သတိပေး

အတိုက်အခံအနိုင်ရရင် စစ်ပွဲသစ်တစ်ရပ် ပေါ်ပေါက်လာမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် သတိပေး

အတိုက်အခံပါတီက နိုင်ငံတော်အာဏာရရှိခဲ့လျှင် စစ်ပွဲသစ်တစ်ရပ် ပေါ်ပေါက်လာလိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သတိပေးလိုက်သည်။

ဆမ်ရိန်းစီဦးဆောင်သည့် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီက လူချမ်းသာများအပေါ် အမုန်းပွားမှုကို ဆောင်ကြဉ်းလာမည့် ပါတီဖြစ်၍ စစ်ပွဲသစ်တစ်ရပ် ဖြစ်ပွားလာ လိမ့်မည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ရုံသက်သက်ပြောနေခြင်းမဟုတ်ကြောင်း ဖနောင်းပင်တွင် ကျောင်းသားများ ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဟွန်ဆန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီ အနိုင်ရပြီးခဲ့ပြီးနောက်တွင် မသမာချမ်းသာနေသူများအား တရားရုံးပို့ကာ စွဲဆိုအရေးယူမည်ဟု အတိုက်အခံခေါင်းဆောင် ရိန်းစီက ပြောကြားခဲ့ခြင်းအား ဟွန်ဆန်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။

ရိန်းစီ၏ မှတ်ချက်စကားသည် ၁၉၇၅ ခုနှစ်က အာဏာရခဲ့ပြီး နိုင်ငံတွင်း လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပွားကာ ၁၉၇၉ တွင် ပြိုလဲခဲ့သည့် ပိုပေါ့အစိုးရလက်ထက်က အတိုင်း မယိုးနီးစွဲ တူညီကြောင်း ဝန်ကြီးချုပ်က ပြောသည်။

သို့သော် ရိန်းစီက ၎င်း၏ ပါတီအနေဖြင့် လူချမ်းသာစီးပွားရေးသမားများကို အမုန်းပွားအောင် လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ၎င်းတို့အပေါ် လေးစားမှုထားကာ ကောင်းမွန်သည့် စံပြများ ဖြစ်စေချင်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

မြေယာမတရားသိမ်းဆည်းခြင်းနှင့် သစ်တောပြုန်းတီးအောင် မတော်လောဘဖြင့် စီးပွားရှာကြသည့် လုပ်ငန်းရှင်များကိုသာ မလိုလားခြင်းဖြစ်ကြောင်း ရိန်းစီက ပြောခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly