ကျောင်းပြင်ပရောက် ကလေးငယ်များနှင့် အောင်လအန်ဆန် သွားရောက်တွေ့ဆုံ

ကျောင်းပြင်ပရောက် ကလေးငယ်များနှင့် အောင်လအန်ဆန် သွားရောက်တွေ့ဆုံ

နိုဝင်ဘာ ၁၀၊ ရန်ကုန် ။         ။ MMA ဖိုက်တာနှစ်ဦးဖြစ်သည့်  အောင်လအန်ဆန်နှင့် ဖိုးသော်တို့သည် ရွှေပြည်သာ မြို့နယ် ၊ စက်မှုဇုန် ၂  ၊ ၁၈ ရပ်ကွက်တွင်    ရှိသည့်   မြန်မာ့ ရွှေ့လျားပညာရေး စီမံကိန်း(myME Project ) တွင် ပညာသင်ကြားနေသော ကလေးများကို နိုဝင်ဘာ ၁၀ ရက်နေ့ က သွားရောက် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင်  အောင်လအန်ဆန် နဲ့ ဖိုးသော်တို့သည်  ကလေးများအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို မျှဝေခဲ့ပြီး ကလေးများ၏ မေးမြန်းချက်များကို လည်း ပြန်လည်ဖြေကြားပေးခဲ့သည်။

 ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗဲရာကို မကြာသေးခင်က အနိုင်ယူပြီး One Championship Light Heavyweight World Championship  ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့်  အောင်လအန်ဆန်သည်  နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့သို့ ခေတ္တ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ သွားရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ပညာရေးအရေးကြီးကြောင်းနှင့် ပတ်သက်ပြီး   လူငယ်များကို ဝေမျှခွင့်ရသည့် အတွက်   ဝမ်းသာကြောင်း အောင်လအန်ဆန်က ပြောသည်။

“ကျနော်စိတ်ထဲမှ လူတစ်ယောက်ရဲ့ ပညာ‌ရေးက အရမ်းအရေးကြီးတယ်။ ဒီနေ့က  myME Project   အနေနဲ့ ကလေးငယ်တွေနဲ့ သွားတွေ့ဆုံရတယ်။ သူတို့ကို အားပေးစကားပြောခွင့်ရတယ်။ ကျနော်အရမ်းဝမ်းသာတယ်။ ကျနော်စိတ်ထဲမှာ လူငယ်ရဲ့အနာဂတ် ၊ လူငယ်ရဲ့အိပ်မက် တွေ ဖြစ်လာဖို့ အရမ်းအရေးကြီးတာ သူတို့ရဲ့  ပညာရေး ပဲ ။ လူငယ်တွေကို ပညာရေး  ဘယ်လောက် အရေးကြီးလဲဆိုတာ ကျနော် ပြောချင်တာ  “  ဟု  အောင်လအန်ဆန်ကပြောသည်။

အောင်လအန်ဆန်အနေဖြင့် အမေရိကန်သံရုံးက ပြုလုပ်မည့် မူးယစ်ဆေးဝါးမသုံးစွဲရေး လှုပ်ရှားမှုတစ်ခုနှင့် အီးယူက လုပ်မည့် အိမ်တွင်းအကြမ်းဖက်ဆန့်ကျင့်ရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန်ရှိကြောင်းသိရသည်။

“  အခုက  U.S.Embassy နဲ့ မူးယစ်ဆေးဝါး မသုံးစွဲ‌ရေး လှုပ်ရှားမှုရှိတယ်။ အဲ့တာက ကျနော်တို့ဆီမှာ အရေးကြီးတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားမှ မူးယစ်ဆေးဝါး သုံးစွဲတာ အများကြီးရှိတယ်။  နောက်ပြီးတော့  EU နဲ့ Anti Domestic Violence Campaign လုပ်ဖို့ရှိတယ်  “  ဟု အောင်လအန်ဆန်က မီဒီယာများကို ပြောသည်။

မြန်မာရွေ့လျားပညာရေးစီမံကိန်း  ( myME  )  သည်  ၂၀၁၅ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့ပြီး  ပညာသင်ရမည့်  အရွယ်တွင်  ဘဝပေးအခြေအနေများကြောင့် ဝမ်းရေးအတွက် ရုန်းကန်နေရသည့် ကျောင်းပြင်ပရောက် ကလေးငယ်များ၏  အခြေခံလိုအပ်ချက်များကို သင်ကြား လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။   

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly