ရန်ကုန်တွင် မြို့နယ် ၁၀ခုကို ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် အကောင်အထည် ဖော်မည်

ရန်ကုန်တွင် မြို့နယ် ၁၀ခုကို ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် အကောင်အထည် ဖော်မည်

နိုဝင်ဘာ ၁၀၊ ရန်ကုန် ။       ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၁၀မြို့နယ်အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ထံက သိရသည်။

အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ်ဆောင်ရွက်မည့် နယ်မြေများမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်း၊ မင်္ဂလာဒုံ၊ အလုံနှင့် သန်လျင်မြို့နယ်တို့ ဖြစ်သည်။

စီမံကိန်းကို  ၂၀၁၈ခုနှစ်မှ စတင်ခြင်းဖြစ်ကာ ၂၀၂၂ခုနှစ်အထိ ၅နှစ်တာစီမံကိန်းအဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်။ ၂၀၂၂ခုနှစ်တွင် ဆေးလိပ်ငွေ့ကင်းစင်မြို့တော်ြဖစ်စေရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်သည်။

"ဒီလိုလုပ်တဲ့နေရာမှာ ရည်ရွယ်ချက်ရှိပါတယ်။ အဓိကကတော့ ဆေးလိပ်သောက်တဲ့သူကတော့ ဆေးလိပ်သောက်မှာပဲ။ ဆေးလိပ်စွဲလန်းနေတဲ့အတွက် ဆေးလိပ်ကိုဖြတ်လို့မရဘူး သောက်နေမယ်။ ဒါပေမယ့် သူသောက်တဲ့ ဆေးလိပ်က သူ့ရဲ့ဆေးလိပ်ငွေ့ဟာ သူကိုယ်တိုင်သာရှူတာမဟုတ်ဘဲနဲ့ သူကနေပြီးတော့ ရှူလိုက်တဲ့အငွေ့က တခြားသူတွေဆီကိုရောက်ရှိပြီးတော့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရတဲ့သူတွေအတွက် ဒုက္ခရောက်တာကို သိစေချင်လို့ဖြစ်ပါတယ်" ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူများသိရှိနိုင်ရန်  တီဗွီ၊ ရေဒီယို၊ ဆိုရှယ်မီဒီယာနှင့် ဆိုင်းဘုတ်ပိုစတာများအား အသုံးပြုမည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ အသက်၂၅နှစ်နှင့်အထက် ၂၅ရာခိုင်နှုန်းခန့်ရှိကာ ၎င်းတို့အထဲတွင် အမျိုးသမီးဆေးလိပ်သောက်သူ ၈ ရာခိုင်နှုန်းရှိနေသည်။

"တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်လို့ရှိရင် ဆေးလိပ်သောက်လို့ ဆေးလိပ်သုံးစွဲမှုကြောင့်ပေါ့လေ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေရတဲ့လူ ရှစ်သန်းလောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ခုနှစ် သိန်းလောက် ရှိပါတယ်။ အဲ့ဒီခုနှစ်သိန်းလောက်ထဲမှာ တစ်သိန်းဟာ ကိုယ်ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲနဲ့ သူများသောက်တဲ့ဆေးလိပ်ငွေ့ကို ရှူပြီးတော့ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် သေဆုံးရတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အဲလိုသေဆုံးတဲ့အထဲမှာ အမျိုးသမီးနဲ့ကလေးများပါဝင်ပါတယ်"ဟု ဒေါက်တာသန်းစိန်က ဆိုသည်။

ကျောင်းသားအရွယ် လူငယ်များ ဆေးလိပ်သောက်သုံးမှု စစ်တမ်းကို ၂၀၁၁ခုနှစ်မှစတင်ကာ ၂၀၁၆ အထိကောက်ယူထားခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ဆေးလိပ်သောက်သုံးမှု ပမာဏ တိုးလာသည်ဟု သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ စီမံကိန်းအား ပြီးခဲ့သည့်နှစ်က ကျောက်တံတားမြို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် မြို့နယ် ၅ခု၌ လုပ်ဆောင်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly