ဆိုင်ကလုန်း ဘာဘ်ဘယ် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့ ဝင်ရောက်၊ လူ နှစ် ဦး သေဆုံး

ဆိုင်ကလုန်း ဘာဘ်ဘယ် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့ ဝင်ရောက်၊ လူ နှစ် ဦး သေဆုံး

နိုဝင်ဘာ ၁၀ ။               ။ ဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ်သည် နိုဝင်ဘာ ၉ ရက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အလားတူ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း  နှစ်သန်းကျော်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အဆိုပါ နှစ်နိုင်ငံစလုံးက သက်ဆိုင်ရာ အာဏာပိုင်များ ညွန်ကြားခဲ့ရသည်ဟု ဆိုသည်။

လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင် ( ၁၂၀ ကီလိုမီတာ) ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အားပျော့သွားခဲ့ပြီး ယင်းနေ့ ဒေသစံတော်ချိန် ည ကိုးနာရီခန့်တွင် အိန္ဒိယ၏ အနောက်ဘန်ဂေါ နှင့် ဘင်္ဂလားဒေ့ရှ်၏ ခူလ်နာ ကမ်းရိုးတန်းကို စတင် ဖြတ်ကျော်နေပြီဖြစ်ကြောင်း ဒါကာမိုးလေဝသ ဌာနက ထုတ်ပြန်သည်။

“ မုန်တိုင်းက အရှေ့မြောက်ဘက်ကို ဦးတည်ရွေ့လျားနိုင်ဖွယ် ရှိနေပါတယ်၊ နောက်ပြီး တစ်ဖြည်းဖြည်းချင်း အားပျော့သွားနိုင်ပါတယ်” ဟု ယင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။

မုန်တိုင်းကြောင့် လေဆိပ်များ၊ ဆိပ်ကမ်းများကိုလည်း ပိတ်ထားခဲ့ရသည်။

မုန်တိုင်းကြောင့် ကိုးလ်ကတ္တားမှာ သစ်ပင်လဲကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အိုဒီရှား ပြည်နယ်တွင်လည်း နံရံ ပြိုကျမှုကြောင့် အခြား တစ်ဦး ပိမိသေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယဘက်ခြမ်းတွင် လူပေါင်း ၆၀,၀၀၀ ကျော်ကို ကမ်းခြေနေရာများကနေ ရှောင်တိမ်းရန် အာဏာပိုင်များက ညွန်ကြားထားခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း လူပေါင်း ၂ သန်းခန့်သည် ဘေးလွတ်ရာထွက်ခွာခဲ့ကြရပြီး ခိုလှုံရေးစခန်း ၅,၅၀၀ ကျော်တွင် ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly