ဖုန်ကြားရှင်ကို သမ္မတက ပြည်တွင်းမှာပြန်နေရန် ခွင့်ပြုဟု ဝန်ကြီးဦးအောင်မင်းပြောသည့် သတင်း ကိုးကန့်တပ် ပြန်လည်ငြင်းဆို

ဖုန်ကြားရှင်ကို သမ္မတက ပြည်တွင်းမှာပြန်နေရန် ခွင့်ပြုဟု ဝန်ကြီးဦးအောင်မင်းပြောသည့် သတင်း ကိုးကန့်တပ် ပြန်လည်ငြင်းဆို

ချင်းမိုင်၊ အောက်တိုဘာ ၁၉ ။ ။ ကိုးကန့်တပ်မတော် - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ဥက္ကဋ္ဌ ဖုန်ကြားရှင်က လောက်ကိုင်မြို့တွင် ပြန်လည်အခြေချလိုကြောင်း သမ္မတထံ တောင်းဆိုမှုကို သမ္မတက ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အောက်တိုဘာ ၁၅ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ် လက်မှတ်ရေးထိုးသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုမှုကို MNDAAက သတင်းမှားဖြစ်ကြောင်း ပြန်လည်ငြင်းဆိုလိုက်သည်။

မြန်မာမီဒီယာအချို့ မှားယွင်းသော သတင်းများကို ထုတ်ပြန်ခဲ့ပြီး သွေးခွဲ ကြံစည်ခဲ့သည်ဟု အောက်တိုဘာလ ၁၇ ရက်က ကြေငြာချက်တစောင် ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။

“သတင်းတွေမှာ တွေ့တယ်။ ဝန်ကြီး ဦးအောင်မင်းကနေ ၁၆ ရက်နေ့ ထင်တယ်။ ဖုန်ကျားရှင်ကနေပြီးတော့မှ လူ ၆၀ ကိုခေါ်ပြီးတော့ ပြည်တွင်းထဲ ပြန်နေမလို့ လောက်ကိုင်လည်း ဖြစ်ရင်လည်း ဖြစ်မယ်ပေ့ါ။ သမ္မတနဲ့ ခွင့်တောင်းဖူးတယ်ပေါ့။ သမ္မတကလည်း ခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ လက်နက်တော့ ပေးမယူဘူးတဲ့၊ ဒီဥစ္စာတွေက မဟုတ်မမှန်ကြောင်း ကျနော်တို့ ပြန်ပြီးတော့ ချေပထားတာပါ ခင်ဗျ”ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမကို ပြောသည်။

ကိုးကန့်တပ်မတော် ဥက္ကဋ္ဌ ဖုန်ကြားရှင်က လောက်ကိုင်မြို့တွင် ပြန်လည်အခြေချလိုသည်ဟု သမ္မတ ဦးသိန်းစိန်အား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိ၍ ခွင့်တောင်းသည်ကို သမ္မတက လောက်ကိုင်တွင်သော်လည်းကောင်း၊ ရန်ကုန်တွင်သော် လည်းကောင်း၊ မန္တလေးတွင်သော်လည်းကောင်း နေထိုင်ခွင့်ပြုမည်ဟု အကြောင်းပြန်ကြောင်း ဝန်ကြီးဦးအောင်မင်းက မီဒီယာများကို ပြောသည်။ သို့သော် ဖုန်ကြားရှင်အဖွဲ့က လက်နက် ၆၀ ယူဆောင်ခွင့်တောင်းသဖြင့် လက်နက်ယူဆောင်ခွင့်မပြုကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။

“အဲဒါတွေက မဟုတ်မမှန်ပါဘူး။ သူပြောတာတွေ တခုမှ မရှိခဲ့ဖူးပါဘူး။ ဦးအောင်မင်းကတော့အမြဲတမ်းလိုလိုပါပဲ။ လျှောက်ပြောနေတယ်။ အဓိက ကျနော်တို့ကို ပြိုကွဲအောင်၊ နာလည်မှု လွဲအောင်ပေါ့ဗျာ”ဟု သူက ပြောသည်။

လက်ရှိ MNDAA ၏ တပ်အင်အားသည် ၅၀၀၀ ခန့်ရှိပြီး မြန်မာမီဒီယာများ ထုတ်ပြန်ခဲ့သော လက်နက် ၆၀ ခန့်ဖြင့်သာ ဆုတ်ခွာခဲ့ရသည် ဟူသော သတင်းမှာလည်း မှားယွင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမှားများကြောင့် ကိုးကန့် တိုင်းရင်းသားများက MNDAA အပေါ် သံသယဝင်စေနိုင်ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ဖုန်ကြားရှင်သည် အသက် ၈၅ နှစ် ပြည့်ပြီ ဖြစ်သော်လည်း တော်လှန်ရေးအတွက် ဘဝကုန်ကြိုးစားပြီး အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မရမချင်း မိမိမွေးရပ်မြေကို ပြန်မည်မဟုတ်ဟု ကတိပြုပါကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အစိုးရနှင့် MNDAA တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ကျဆုံးမှု များပြားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်က ဦးဖုန်ကြားရှင်က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ လောက်ကိုင်ဒေသတွင် အစိုးရစစ်တပ်က တစ်ပတ်လျှင် ၄ ရက်၊ ၅ ရက်ခန့် ထိုးစစ်ဆင်မှုများ ရှိကာ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း လောက်ကိုင်၏ အရှေ့မြောက်ဘက်တွင် အစိုးရ စစ်တပ်က လက်နက်နှင့် စစ်အင်အားများ တိုးမြင့်မှုများ ရှိသဖြင့် အစိုးရ စစ်တပ်မှာ ဆက်လက် ထိုးစစ်ဆင်မှု ရှိလာမည့် အခြေအနေတွင် ရှိနေသည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly