အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အဖမ်းခံရမှုအတွက် NLD ပါတီ စိုးရိမ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အဖမ်းခံရမှုအတွက် NLD ပါတီ စိုးရိမ်

ရန်ကုန်၊ နိုဝင်ဘာ ၉။    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦးဖြစ်သော ချင်းပြည်နယ်မဲဆန္ဒနယ် ၁၁ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းခံရမှုအတွက် ပါတီမှ စိုးရိမ်ကြောင်း NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဦးဝှေ့တင်း ဖမ်းဆီးထိန်းသိမ်းခံရခြင်း နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်အနေနဲ့အများကြီး စိုးရိမ်ပူပန်ပါ တယ်။ ကျွန်တော်တို့ မူလကတော့ လွှတ်တော်ရဲ့ ကြေညာချက်ထွက်လာတာကို စောင့်နေပေမယ့် မိသားစုရဲ့စိုးရိမ်ပူပန်မှု၊ တိုင်းရင်းသားများရဲ့ အကြားမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်မှာစိုးတဲ့ အတွက် အဖွဲ့ချုပ်ကနေရုံးပိတ်ရက်မှာပဲ ကြေညာချက်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ ကြေညာချက် ထွက်ပါတယ်။ ဒီကြေညာချက်မှာတော့ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းပေါ်မှ ပြစ်တင် ထားတာမျိုး မဟုတ်ဘဲနဲ့ ပြည်သူက ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ အတွက် ဒီလို အင်အားသုံးပြီး ဖမ်းဆီးထားခြင်းဟာ မသင့်လျော်ကြောင်း၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်းနဲ့ ဒီလို ဖမ်းဆီးထားတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဆိုတာကို ကျွန်တော်တို့ ဖော်ပြထားပါတယ်”ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

အဆိုပါ ဦးဝှေ့တင်း ဖမ်းဆီးခံရမှုအတွက် နိုဝင်ဘာလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ကြေညာချက် တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်၌ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ချင်းပြည်နယ်ဒေသခံပြည်သူများမှ မဲပေးရွေးချယ်ထားသည့် ကိုယ်စားလှယ် တစ်ဦး ဖြစ်ခြင်း၊ အဆိုပါဖမ်းဆီးထိန်းသိမ်းထားမှုမှာ လက်ရှိအစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက် အကောင် အထည်ဖော်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အနှောင့်အယှက် ဖြစ်စေသည့် အခြေအနေ ဖြစ်လာနိုင်ခြင်းကြောင့် ယင်းလုပ်ရပ်အား တရားမျှတမှု မရှိသော ဖမ်းဆီးမှုတစ်ခုဟု သတ်မှတ်ပြီး ရှုတ်ချလိုက်ပါသည်။

ထို့ကြောင့် အဆိုပါလုပ်ရပ်နှင့် စပ်လျဉ်း၍ ချင်းပြည်နယ် ဒေသခံ ပြည်သူများနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုကို ထောက်ထားပြီး အမြန်ဆုံး ပြန်လည် လွှတ်ပေးနိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားသူများအား တိုက်တွန်းကြောင်း ဖော်ပြထားသည်။

“ကျွန်တော့်ပါတီကတော့ သဘောထားထုတ်ပြန်လိုက်တဲ့ အခြေအနေမှာရှိပြီး လွှတ်တော်နဲ့ အုပ်ချုပ် ရေးပိုင်းတို့က အဓိကဆောင်ရွက်မှာပါ။ ကျန်တဲ့ ပြည်သူတွေ၊သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ တိုင်း ရင်းသားတွေကလည်း ဦးဝှေ့တင်း လွတ်မြောက်ရေး အတွက်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံး ပြန် လွှတ်ပေးဖို့တောင်းဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ပြင်းပြင်းထန်ထန် အချင်းချင်းမတုံ့ပြန်ပါဘူး။ ဖြစ်နိုင်သရွေ့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးချင်တယ်။ သဘောထားခြင်း ညှိနှိုင်းချင်တဲ့အတွက် ကျွန်တော်တို့ စောင့်နေခဲ့တာပါ။ သို့သော်လည်း အချိန် ကြာလာတာနဲ့အမျှ ဖမ်းဆီးခံ ပုဂ္ဂိုလ်လည်း ကျန်းမာရေးနဲ့ အသက်အန္တရာယ်ပါ စိုးရိမ်လာရပြီဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကြေညာချက်ကို ထုတ်ပြန်လိုက်ရခြင်း ဖြစ်ပါတယ်”ဟု NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောသည်။

ဦးဝှေ့တင်းသည် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက ရေလမ်းကြောင်းဖြင့် ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ်ကျောက်တော်သို့ ကုလားတန်စီမံကိန်းပိုင်အမြန်ရေယာဉ်ငယ်နှစ်စီးဖြင့် အသွား လမ်းတွင်ရက္ခိုင့်တပ် AA ဘက်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရမှုတွင် ဦးဝှေ့တင်း နှင့်အတူ အိန္ဒိယနိုင်ငံသား ၅ဦး၊ ဘာသာပြန် ၂ ဦး နှင့် Speed Boat အမြန်ရေယာဉ်ငယ်မောင်းသူအပါအဝင် ဆယ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် နိုဝင်ဘာလ ၄ရက် နေ့တွင် ရက္ခိုင့်တပ် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ ၁၀ ဦး အနက် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်းကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံခြားသားများအပါအဝင် ကျန် ၉ ဦးကိုပြန်လည်လွှတ်ပေးခဲ့သည်။ထိုအထဲတွင် တစ်ဦးမှာ သေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly