ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်ခရီးစဉ်တွင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံရ

09 November 2019
ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်ခရီးစဉ်တွင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံရ

#မဇၩိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့ခရီးစဉ်တွင် ဆန္ဒပြသည့် ဒေသခံအချို့ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ ၉ရက်၊ နံနက် ၁၁နာရီတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိုးကုတ်မြို့သို့ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။ ဦးစိုးဌေး အပါအဝင် ကိုဇော်ဝင်း၊ ကိုကျော်တင်၊ ကိုမျိုးထက်ဇော်၊ ကိုဇော်မျိုးနှင့် အနည်းဆုံး ခြောက်ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့က 'ကျောက်လုပ်ကွက်များ တရားမျှတစွာ ချထားရေး' ၊ 'လုပ်ကွက်များ ချထားရာတွင် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ ရယူပေးရေး' ၊ 'နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့် ရရှိရေး" စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက မိုးကုတ်မြို့ရှိ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျောင်းတိုက် ရှင် ၁၀၀၀ ဗိမ္မာန်တော်ဖွင့်ပွဲသို့ လာရောက်ဖွင့်လှစ်ပြီး မြို့မိ၊ မြို့ဖ ၁၅ ဦးနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် ဆန္ဒပြသူများက ၎င်းတို့လည်း တွေ့ဆုံလိုကြောင်း တောင်းဆိုဆန္ဒပြရင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ရိုက်ကူး / အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required