ONE Championship ၏ အကောင်းဆုံး Kickboxing ကစားသမား ၄ ဦး

ONE Championship ၏ အကောင်းဆုံး Kickboxing ကစားသမား ၄ ဦး

အာရှ၏ အကြီးကျယ် အခမ်းနားဆုံး ONE Championship ပြိုင်ပွဲသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစား သာမက မွေထိုင်းနှင့် Kickboxing တို့ကဲ့သို့သော ပြိုင်ပွဲများကိုပါ ထည့်သွင်း ကျင်းပလျက် ရှိသည်။ Kickboxing ပြိုင်ပွဲတွင် ဝိတ်တန်း ၃ ခု၌ ကမ္ဘာ့ချန်ပီယံများ ပေါ်ထွက်နေပြီ ဖြစ်သလို ဆုကြေး ဒေါ်လာတစ်သန်း ချီးမြှင့်သည့် Grand Prix ပြိုင်ပွဲကြီး တစ်ခုကိုပင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ONE Championship တွင် ကမ္ဘာအရပ်ရပ်မှ Kickboxing ကစားသမားကောင်းများ ပါဝင်ယှဉ်ပြိုင်လျက်ပြီး ၎င်းတို့အထဲမှ အကောင်းဆုံး ကစားသမား အချို့အကြောင်း ရွေးချယ်ဖော်ပြလိုက်ရပါသည်။

(၁) Giorgio Petrosyan

ONE Championship ၏ ဖယ်သာဝိတ်တန်း Grand Prix ဆုကြေးငွေ ဒေါ်လာတစ်သန်းကို ပူပူနွေးနွေး ရရှိထားသည့် အာမေးနီးယား-အီတလီ ကစားသမား Giorgio “The Doctor” Petrosyan သည် ကမ္ဘာ့အကောင်းဆုံး Kickboxing ကစားသမားများ ထဲမှ တစ်ဦး ဖြစ်သည်။ ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၁ဝ၈ ပွဲ ကစားခဲ့ရာတွင် ၁ဝ၂ ပွဲ အထိ အနိုင်ရခဲ့ဖူးပြီး ၂ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည့် Petrosyan သည် Combat Press မီဒီယာ၏ အဆင့် သတ်မှတ်ချက်တွင် လိုက်ဝိတ်တန်း ကမ္ဘာ့အဆင့် ၃ ဖြစ်သည်။ ၂ဝဝ၂ ခုနှစ် ကတည်းက မွေထိုင်း အားကစား ဖြင့် စတင်ခဲ့သည့် Petrosyan ၏ ကစားသမား ဘဝသည် ယခုဆိုလျှင် ၁၇ နှစ်တာ ရှိခဲ့ပြီ ဖြစ်ပြီး Bellator, K1, WMC, WKN, ISKA စသည့် Kickboxing ပြိုင်ပွဲကြီး အများအပြားတွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။

အသက် ၃၃ နှစ် ရှိသူ Petrosyan သည် ONE Championship သို့ ၂ဝ၁၈ ခုနှစ် ကတည်းက စတင်ရောက်ရှိခဲ့ကာ Jo Nattawut နှင့် Sorgraw Petchyindee တို့ကဲ့သို့ ထိုင်းကစားသမားများကို ဆက်တိုက်အနိုင်ယူခဲ့သည်။ ယခုနှစ်တွင် Petrosyan သည် လိုက်ဝိတ်တန်း GP ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်တွင် Petchmorakot Petchyindee Academy နှင့် ရင်ဆိုင်ခဲ့ရသည်။ Petrosyan သည် ယင်းပွဲတွင် Petchmorakot ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နည်းစနစ်ပိုင်း ပြန်လည်သုံးသပ်သည့် အခါ Petchmorakot က တရားမဝင်တိုက်ခိုက်ရေး နည်းလမ်းများကို သုံးခဲ့ကြောင်း တွေ့ခဲ့ရသဖြင့် ရလဒ် ပယ်ဖျက်ခဲ့သည်။ ၎င်းတို့ နှစ်ဦး နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်သည့် အခါတွင်မူ Petrosyan က အမှတ်ဖြင့် ပြန်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင်လည်း Nattawut ကို အလဲထိုး အနိုင်ယူခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမား Samy Sana ကို အနိုင်ယူက Petrosyan သည် ၎င်း၏ ပထမဆုံး ONE Championship ချန်ပီယံခါးပတ်ကို ရရှိခဲ့သည်။

(၂) Regian Eersel

နယ်သာလန် နိုင်ငံသား Regian “The Immortal” Eersel သည် ONE Championship ၏ လိုက်ဝိတ်တန်း Kickboxing ချန်ပီယံ ဖြစ်ပြီး ချန်ပီယံကာကွယ်ပွဲ တစ်ကြိမ်အနိုင် ရထားသူ ဖြစ်သည်။ အသက် ၂၆ နှစ် ရှိသူ Eersel သည် ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၅၉ ပွဲကစားခဲ့ရာ၌ ၅၅ ပွဲ အနိုင်ရခဲ့ပြီး ၄ ပွဲသာ ရှုံးနိမ့်ခဲ့သဖြင့် Combat Press ၏ အဆင့်သတ်မှတ်ချက်တွင် ဝယ်တာဝိတ်တန်း ကမ္ဘာ့အဆင့် ၅ ရရှိထားသူ ဖြစ်သည်။ တောင်အာဖရိက၏ ကျွန်းလေးတစ်ကျွန်းပေါ်တွင် မွေးဖွားခဲ့သည့် Eersel အတွက် ယခုကဲ့သို့ ကမ္ဘာ့အဆင့် အောင်မြင်မှုမျိုး ရရှိရန် ပြိုင်ပွဲပေါင်းများစွာတွင် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။

W5, Legacy, Wu Lin Feng နှင့် Lion Fight ကဲ့သို့ ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ဖူးသည့် Eersel သည် ONE Championship သို့ ၂ဝ၁၈ တွင် စတင်ရောက်ရှိ ခဲ့ပြီး သြစတြေးလျ ကစားသမား Brad Riddell နှင့် နိုက်ဂျီးရီးယား ကစားသမား Anthony Njokuani တို့ကို ဆက်တိုက် အနိုင်ရခဲ့သည်။ ထို့ကြောင့် လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲ အဖြစ် တစ်နိုင်ငံတည်းသား Nieky Holzken နှင့် ယှဉ်ပြိုင်ခဲ့ရပြီး သူ့ထက် ဝါသမ္ဘာနှင့် အောင်မြင်မှုချင်း ကွာခြားသည့် Holzken ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့သည်။ Eersel သည် Holzken ၏ မကျေပွဲ အဖြစ် တကျော့ပြန် စိန်ခေါ်မှုကိုလည်း အနိုင်ယူခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

(၃) Ilias Ennahachi

ONE Championship ၏ ဖလိုင်းဝိတ်တန်း Kickboxing ချန်ပီယံ နယ်သာလန်-မော်ရိုကို ကစားသမား Ilias Ennahachi သည် ကမ္ဘာ့ အကောင်းဆုံး Kickboxing သမားများ ထဲမှ တစ်ဦးဖြစ်သည်။ အသက် ၂၃ နှစ်သာ ရှိသေးသည့် Ennahachi သည် ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၃ဝ ကစားခဲ့ရာတွင် ၃ ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲများ အားလုံး အနိုင်ရခဲ့သည်။ ထို့ကြောင့် Combat Press ၏ အဆင့် သတ်မှတ်ချက်တွင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့အဆင့် ၇ အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ Ennahachi သည် ပြိုင်ပွဲ အရပ်ရပ်တွင် ကမ္ဘာ့ ချန်ပီယံ ၆ ကြိမ်အထိ ဖြစ်ထားသဖြင့် အသက်အရွယ်နှင့် မလိုက်သည့် အောင်မြင်မှုမျိုး ရထားသူလည်း ဖြစ်သည်။

Ennahachi သည် Wu Lin Feng, Enfusion, Kunlun Fight, WFL စသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး ၂ဝ၁၉ ဇွန်လ အတွင်းတွင်မှ ONE Championship နှင့် ၂ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သူ ဖြစ်သည်။ နှစ်လအကြာတွင် ၎င်း၏ ပွဲဦးထွက် ONE Championship ပွဲ ဖြစ်သလို ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲလည်း ဖြစ်သည့် ပွဲကို ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းပွဲတွင် Ennahachi သည် ချန်ပီယံ Petchdam Petchyindee Academy ကို တတိယ အချီတွင် အလဲထိုးကာ ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

(၄) Stamp Fairtex

အသက် ၂၁ နှစ်သာ ရှိသေးသည့် ထိုင်းနိုင်ငံသူ Stamp Fairtex သည် ONE Championship ၏ မတူညီသော အားကစား ၂ ခုဖြစ်သည့် မွေထိုင်းနှင့် Kickboxing ပြိုင်ပွဲများတွင် အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်များ သိမ်းပိုက်ထားသူ ဖြစ်သည်။ Stamp သည် အားကစားနည်း ၃ မျိုးတွင် ဗိုလ်စွဲသည့် ပထမဆုံး ကမ္ဘာ့ ချန်ပီယံ ဖြစ်လာစေရန် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲများလည်း ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။ ကစားသမား ဘဝ တစ်လျှောက် မွေထိုင်းနှင့် Kickboxing ပွဲပေါင်း ၈၃ ပွဲ ကစားထားပြီး ၆၃ ပွဲ အနိုင်ရ ထားသည့် Stamp သည် ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး Kickboxing ကစားသမား များထဲမှ တစ်ဦးဖြစ်သည်။

Stamp သည် ထိုင်းပြည်တွင်း မွေထိုင်းနှင့် Kickboxing ပွဲများတွင် လက်စွမ်းပြနေသဖြင့် ONE Championship က ၂ဝ၁၈ တွင် ခေါ်ယူခဲ့ပြီး ပွဲဦးထွက်ပွဲတွင် အက်တမ်ဝိတ်တန်း ချန်ပီယံ Chuang Kai Ting နှင့် ရင်ဆိုင်စေ ခဲ့သည်။ ယင်းပွဲတွင် Stamp သည် အမှတ်ဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူ နိုင်ခဲ့သည်။ ယင်းပွဲ နောက်ပိုင်းတွင် Stamp သည် မွေထိုင်းနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲများသာ ကစားနေသဖြင့် Kickboxing ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင် ခဲ့ဖူးခြင်း မရှိသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly