ရွေးကောက်ပွဲရ လာဒ်နှင့်အညီ အစိုးရသစ်၊ လွှတ်တော်သစ်များ မပျက်မကွက် ဖွဲ့စည်းပေးရန် တောင်းဆို

ရွေးကောက်ပွဲရ လာဒ်နှင့်အညီ အစိုးရသစ်၊ လွှတ်တော်သစ်များ မပျက်မကွက် ဖွဲ့စည်းပေးရန် တောင်းဆို

မကြာမီကျင်းပတော့မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် သန့်ရှင်း လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် ရွေးကောက်ပွဲမှထွက်လာသည့် ရလာဒ်နှင့်အညီ အစိုးရသစ်များနှင့် လွှတ်တော်သစ်များ မပျက်မကွက် ဖွဲ့စည်းပေးရန် လက်ရှိအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာရပါတီတို့ကို အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

အောက်တိုဘာ ၁၈ ရက်နေ့ ရန်ကုန်မြို့ Orchid ဟိုတယ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၅၇) ဖွဲ့စုပေါင်းထားသော မြန်မာ CSOs Forum က ၎င်းတို့ထုတ်ပြန်သော သဘောထား ကြေညာချက်တွင် ယင်းတောင်းဆိုခြင်းဖြစ်သည်။

''ဘယ်ပါတီဘဲနိုင်နိုင် သန့်ရှင်းသော ရွေးကောက်ပွဲအဖြစ် သက်သေပြဖို့ စနစ်တကျ ဖွဲ့စည်းပေးဖို့ လိုတယ်။ ဒါကို ကျွန်မတို့က ကြိုပြီး တိုက်တွန်းရတာပါ။ အခုအခင်းအကျင်းတွေက ရှုပ်ထွေးနေတယ်၊ မဲစာရင်းမှားတာကအစ ခြိမ်းခြောက်မှုအမျိုးမျိုးအဆုံး စိုးရိမ်စရာတွေတွေ့နေရတယ်။ အကောင်းအဆိုး မှန်းလို့ရနေပြီ ဒါကြောင့်ကြိုပြီး တိုက်တွန်းတောင်းဆိုရတာ။'' ဟု Free Thinker အဖွဲ့မှဒေါ်သိန္နီဦးက မဇ္ဈိမသို့ပြောသည်။

Trygal Women အဖွဲ့မှ ဒေါ်ခင်လေးက ရွေးကောက်ပွဲအလွန် အကျိုးဆက်များနှင့်ပတ်သက်ပြီး လက်ရှိအစိုးရတွင် လုံးလုံးလျားလျား တာဝန်ရှိသည်ဟု ပြောကြားသည်။

''အာဏာရရှိရေးကို အကြောင်းပြုပြီး လူ့အဖွဲ့အစည်းအတွင်းမတူကွဲပြားမှုများအား ပိုမိုနက်ရှိုင်းခြားနားသွားစေရန် စေ့ဆော်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ကို စစ်စစ်မှန်မှန် မလိုလားဘူးလို့ သုံးသပ်လို့ရတယ်။ လက်ရှိအစိုးရ၊ အာဏာရပါတီနဲ့ သူတို့ရဲ့မဟာမိတ်ပါတီများရဲ့ ရပ်တည်ချက်သဘောထားများက စိုးရိမ်ဖွယ်ဖြစ်တယ်။'' ဟု ၎င်းက ဆိုသည်။

လာမည့်ရွေးကောက်ပွဲသည် သန့်ရှင်း၊ လွတ်လပ်၍ မျှတနိုင်ခြေ နည်းနေသော်လည်း အရပ်ဘက်အဖွဲ့အစည်းများက ရွေးကောက်ပွဲရလာဒ်သည် တိုင်းရင်းသား ပြည်သူလူထု အများစုကိုကိုယ်စားပြုနိုင်ရန်နှင့် အဆိုးဝါးဆုံး အခြေအနေများကိုရှောင်ရှားနိုင်ရန်အတွက် နေရာစုံ၊ ရှုထောင့်စုံမှ ကိုယ်အား၊ ဉာဏ်အားရှိသမျှ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်ဟု မြန်မာ CSOs Forum က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly