မှောင်ရိပ်ထဲက ဘဝများ အမည်ဖြင့် LGBTများအပေါ် မတရားမှုအစီရင်ခံစာ ထုတ်ပြန်

မှောင်ရိပ်ထဲက ဘဝများ အမည်ဖြင့် LGBTများအပေါ် မတရားမှုအစီရင်ခံစာ ထုတ်ပြန်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ နိုဝင်ဘာ၈။            ။ “မှောင်ရိပ်ထဲက ဘဝများ - မြန်မာနိုင်ငံတွင် လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသ သတ်မှတ်မှု၊ ဖော်ပြမှုတို့အပေါ် အခြေပြုထားသည့် စနစ်တကျဖြစ်နေသော မတရားမှု” ဆိုသည့် LGBTအခွင့်အ ရေးဆိုင်ရာ အစီရင်ခံစာကို ဒိန်းမတ်-မြန်မာ လူအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအစီအစဉ်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ ကော်မရှင်က နိုဝင်ဘာလ(၈)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာမှာ LGBT တစ်ဦးချင်းစီ ကြုံတွေခဲ့ရသော အနိုင်ကျင့်ခံရမှု၊ ဆန်ကျင့်ဘက်လိင် ဝတ်စားဆင်ယင်မှုအပေါ် ဝေဖန်ပြောဆိုမှု၊ ခွဲခြားဆက်ဆံမှု ၊ နှိမ့်ချခံရမှုများကို ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ ရာဇဝတ်ဥပဒေနှင့် တရားစီရင်ရေးစနစ်ကြောင့် LGBT များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ေပါ်နေသည့် အကြောင်းကို  ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ခုနှစ် မတ်လအထိ ကွင်းဆင်း သုတေသနပြုလုပ်ကာ ရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။

“ညီအစ်ကို၊ မောင်နှမလို မိတ်တွေအပေါင်းအသင်းလို လက်ခံပြီးတော့ ဆက်ဆံနိုင်သလား၊ ဒါမှမဟုတ်လည်း သူတို့ရဲ့ လုပ်ကိုင်ပုံတွေကို အပြစ်မမြင်ဘဲ အကောင်းစိတ်နဲ့ မြင်နိုင်တဲ့ အနေအထားရှိလား၊ ဒါတွေက ကျွန်တော်တို့မှာ အရေးမကြီးဘူး။ ဥပဒေကို ပြင်မယ့်သူတွေမှာ အရေးကြီးတယ်။ သူတို့ကို နားလည်အောင် ပြောနိုင်ရင် မြန်မြန် ပြင်ဆင်နိုင်တာပေါ့”ဟု  ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွှဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

လိင်တူချင်း နှစ်ဦးသဘောတူဆက်ဆံခြင်းကို ရာဇဝတ်သင့်စေသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၇၇ ၊ မှောင်ရိပ်ခိုဥပဒေ အပါအဝင် အချို့သောဥပဒေများဟာ LGBTများအပေါ် အလွဲသုံးစားပြုနေသည်ဟု LGBT အဖွဲ့အစည်းများက ထောက်ပြကြသည်။

အဆိုပါ ဥပဒေ၊ ပြဠာန်းချက်များကို အသုံးချ၍ LGBTများကို ခြိမ်းခြောက်ခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ လိမ်လည်စွဲချက်များနှင့် တရားစွဲဆိုခြင်း၊ ငွေညှစ်မှုများအပြင် ဓမ္မတာနှင့်ဆန့်ကျင်သော အလိုမတူ ကာမစပ်ယှက်မှုများပါ ဖြစ်ပေါ်စေသည်ဟု  LGBT Rights Network မှ မရှင်းသန့်က ဆိုသည်။

“၂၀၁၃၊ ၂၀၁၄ လောက်ထိကို ကျွန်မတို့ Transgender တွေ အထူးသဖြင့် မိန်းမလို ဝတ်စားဆင်ယင်သူတွေ အသတ်ခံရတယ်။ ဥပမာ ဆိုင်ကယ်လေးတစ်စီးလိုချင်လို့ သတ်တယ်၊ ဖုန်းတစ်လုံး လိုချင်လို့ သတ်သွားတာ ရှိတယ်။ ဆွဲကြိုးလေးတစ်ကုံး လိုချင်လို့သတ်တယ်။ အဲ့အမှုတွေက ယောကျာ်း၊ မိန်းမအမှုတွေဆို အင်တိုက် အားတိုက်လိုက်ကြတယ်။ Transgender အမှုဆိုရင်တော့ ဒီလိုမျိုးနေတဲ့အတွက်ကြောင့် ဖြစ်မှာပေါ့ဆိုပြီး ပေါ့လျော့တာမျိုး ရှိတယ်။ Facebook မှာဆိုရင်လည်း တရားဥပဒေစိုးမိုးရေးထက် အမုန်းစကားတွေက ပိုများတယ်”ဟု သူက ဆိုသည်။

LGBT များကို နှိပ်ကွပ်ထားသော ဥပဒေများကို (၂၀၁၄)ခုနှစ်က ပြောင်းလဲနိုင်ရေးအတွက်  စတင်စီစဉ်ခဲ့ပြီး ပြင်ဆင်သင့်၊ မပြင်ဆင်သင့်ကို ပြည်သူများအကြားနှင့် ဥပဒေပညာရှင် အချင်းချင်းအကြားတို့တွင် အငြင်းပွားမှုများ ရှိနေခဲ့သည်။

ထို့ကြောင့် ယခုထုတ်ပြန်သော အစီရင်ခံစာမှ တဆင့် LGBT ဘဝကို လူအများ ပိုမိုနားလည်လက်ခံလာနိုင်ပြီး တန်းတူအခွင့်အရေးရရှိလာနိုင်ရေးအတွက် ကောင်းမွန်သောအရွှေ့တစ်ခု ဖြစ်လာနိုင်မည်ဟု LGBT အသိုင်းအဝိုင်းက မျှော်လင့်နေကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags