ဝန်ကြီးများရုံးတွင်ဖွင့်လှစ်ထားသော Spa ကို ဖျက်သိမ်းမည်

ဝန်ကြီးများရုံးတွင်ဖွင့်လှစ်ထားသော Spa ကို ဖျက်သိမ်းမည်
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

ရန်ကုန်၊နိုဝင်ဘာ ၈။         ။ ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် စင်ကာပူနိုင်ငံ အခြေစိုက် De Beau Wellness Centreမှ လာရောက် ဖွင့်လှစ်ထားသော SPA ကို ဖျက်သိမ်းမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသ ကြီး လွှတ် တော် ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

ဝန်ကြီးများရုံးတွင် Spa အပါအဝင် ဈေးဆိုင်ခန်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဌာနလေးခုတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က နိုဝင်ဘာ ၈ရက်နေ့တွင် ကြားနာမှု ပြုလုပ် ခဲ့သည်။

"တစ်ဖက်ကတော့ ပထမဆုံးသူတို့ကတော့ ဒါဟာသူတို့အကြောင်းပြတာပေါ့နော်။ ဒါက Spaမဟုတ်ပါဘူး။ ကျန်းမာရေးစင်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်းရှိပါတယ်ဆိုတဲ့အချက်အလက်တွေပြောတယ်။ သို့သော်လည်း နိုင်ငံတကာမှာရှိတာ နိုင်ငံတကာအပိုင်းပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးတွေရဲ့ ခံစားချက်၊ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအထိမ်းအမှတ်ကြီးဖြစ်တဲ့ ဒီနေရာကြီးကို အမျိုးသားရေး စိတ် ဓာတ် အနေနဲ့ ထိန်းသိမ်းရမယ့်နေရာကြီးဖြစ်တဲ့အတွက်ကြောင့် ဒါကို ကော်မတီကနေ လက်မခံကြောင်း ကျွန်တော်တို့ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဘက်ကနေပြီးတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သူတို့ဖျက်သိမ်း  လိုက်ပါမယ်" ဟု ဦးလှဌေးက ပြောသည်။

အဆိုပါ ကြားနာမှုတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးများရုံးသည် သမိုင်းဝင်အထင်ကရ အဆောက် အအုံဖြစ်ပြီး မြန်မာနိုင်ငံ၏ တန်ဖိုးအကြီးမားဆုံး အဆောက်အအုံဖြစ်သည့်အတွက် Spa ဖွင့်ခြင်းသည် မဖြစ်သင့် ဟုဆိုကာ အဓိကထားကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ထို့အပြင် Spa ကို ခွင့်ပြုမိန့်မပါပဲ ဖွင့်ထားခြင်းဖြစ်ကြောင်း၊ Spa ဖျက်သိမ်းရန်အတွက် ရက်အတိအကျ မသတ်မှတ်ထားကြောင်း ၎င်းကဆက်ပြောသည်။

De Beau Wellness Centre အမည်ရှိ Spa ကို ဝန်ကြီးများရုံးတွင် အောက်တိုဘာ ၂၆ရက်နေ့က ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြည်တွင်းရှိ လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် ဝေဖန်မှုများ ပြင်းပြင်းထန်  ထန် ဖြစ်ပေါ်ခဲ့သည်။

ဝန်ကြီးများရုံးအဆောက်အဦကို (၁၈၈၉)ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်၌ ပြီးစီးခဲ့သည်။ ဆောက်လုပ်စဉ်က တောင်ဘက်အဆောက်အဦကို စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၃)ခုနှစ်အရောက်တွင် အရှေ့ဘက်၊ အနောက်ဘက်စသည့် ကျန်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးများရုံးကို လွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးဟု ခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့် အလံတင်ပွဲကိုလည်း ဝန်ကြီးများရုံး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly