မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နှင့်တွေ့ဆုံခြင်း

By ဦးစိုးမြင့်(မဇ္ဈိမ)
08 November 2019
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နှင့်တွေ့ဆုံခြင်း

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ မဇ္စျိမ Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။    ဒီကနေ့မှာတော့    မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Mayurama ကိုတွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

သံအမတ်ကြီး မင်္ဂလာပါခင်ဗျ ။    ယေဘုယျအားဖြင့်ပေါ့ ၊ လက်ရှိ ဂျပန်နဲ့မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။     ။ ကျွန်တော်တို့ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တကယ့် ကျေးဇူးရှင်နိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယကမ္ဘာစစ်ပွဲကြီးမှာ  မြန်မာပြည်သူလူထုများကို အင်မတန်မှ ကျွန်တော်တို့ ဒုက္ခပေးခဲ့တယ် ။ ဒါပေမယ့် စစ်ပွဲကြီးအပြီးမှာ ကျွန်တော်တို့ အာရှနိုင်ငံများ အကြားမှာ ငြိမ်းချမ်းရေးစာချုပ် ပထမဆုံးလက်မှတ်ထိုးခဲ့တာက မြန်မာနိုင်ငံ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပထမဆုံး လက်မှတ်ထိုးခဲ့တဲ့အတွက် နောက်က တခြားနိုင်ငံတွေ လိုက်လာတယ် ။ နောက်တစ်ခုက ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်ပွဲကြီး ပြီးတဲ့အချိန်မှာ အင်မတန်မှ အစားစာရှားတဲ့အချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံက ဗမာဆန်ဆိုပြီးတော့ ဂျပန်နိုင်ငံကို ဆန်တင်ပို့ပြီးတော့ အကူအညီပေးခဲ့ပါတယ်။ အဲ့ဒီလို ကျေးဇူးရှင်နိုင်ငံဖြစ်တယ်။ အဲ့ဒီကျေးဇူးရှင်နိုင်ငံက အခုနိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ငြိမ်းချမ်းရေးအရရော၊ နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာလည်း အင်မတန်မှ အန္တရာယ်ကြီးတဲ့ စိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းပြီးတော့ အတူတူကျော်လွားနိုင်အောင် မြန်မာနိုင်ငံကို အစွမ်းကုန် အကူအညီပေးမယ်ဆိုတာက ကျွန်တော်တို့ ဂျပန်အစိုးရ ရပ်တည်ချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဂျပန်ပြည်သူလူထုကြီးရဲ့ စိတ်ဓါတ်လည်း ဖြစ်ပါတယ် ခင်ဗျ။

မေး ။  ။ ဟုတ်ကဲ့ ၊ ခုနက သံအမတ်ကြီး ပြောသွားတဲ့အထဲမှာ ဒုတိယကမ္ဘာစစ်တုန်းကတည်းက ရှိခဲ့တဲ့ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးပေါ့နော်။ အဲ့ဒီထဲမှာ ဒုတိယကမ္ဘာစစ်က ကျန်ခဲ့တဲ့ ဂျပန်နိုင်ငံသားတွေပေါ့၊ တချို့မြန်မာပြည်ကို ပြန်လာပြီးတော့ ဝိုင်းပြီးတော့ လုပ်နေတယ် ၊ ဝိုင်းပြီးတော့ ကူညီနေတယ်လို့ ကြားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ပြောပြပေးပါ။

ဖြေ ။     ။ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်ပွဲကြီး မြန်မာနိုင်ငံမှာ စစ်တိုက်ပြီးတော့ ရှုံးပြီးတော့ ထွက်ပြေးလာတဲ့ ဂျပန်စစ်သား များစွာ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့အခါမှာ အစားအစာ ပေးတာ‌ရော၊ ဆေးကုတာရော၊ အကူအညီတွေ…ပေါ့၊ ကျွန်တော်တို့ ဂျပန်က ဒုက္ခပေးခဲ့ပေမယ့် ထွက်ပြေးလာတဲ့ ဂျပန်စစ်သားများကို မြန်မာပြည်သူလူထုက အင်မတန်မှ အကူအညီပေးခဲ့တယ်။ အဲ့ဒီလို ဇာတ်လမ်းက အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်စစ်သားများကလည်း အဲ့ဒီကျေးဇူးတွေကို မမေ့နိုင်တဲ့အတွက် အဲ့ဒီစစ်သားဟောင်းတွေကတော့ အခုအသက်လည်းကြီးနေပြီ။ သူ့မိသားစုများကလည်း မြန်မာပြည်ပြန်ပြီးတော့ ကျေးဇူးဆပ်ချင်တဲ့သဘောနဲ့ ၊ ဥပမာ အခြေခံကျောင်းဆောက်တာရော လိုအပ်တဲ့ အကူအညီများ၊ ပစ္စည်းများပေးတာလည်း ရှိပါတယ် ခင်ဗျာ့။

မေး ။  ။ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအပေါ်ကို ဒီလိုမျိုး သဘောထား ထားပေးပြီးတော့ လက်ရှိမှာ ကူညီနေတာပေါ့။ ကျွန်တော်မေးမြန်းချင်တာက လက်ရှိ ဂျပန်နဲ့ မြန်မာနဲ့လုပ်နေတဲ့ ကုန်သွယ်မူတို့၊ ရင်းနှီးမြှုပ်နှံမူတို့၊ ပြီးတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အခုအကူအညီပေးတယ်ပေါ့နော်၊ အထောက်အပံ့ အကူအညီတွေ ပေးတဲ့အထဲမှာ ဘယ်အပိုင်းက အရေးအကြီးဆုံးဖြစ်ပါသလဲ။

ဖြေ ။     ။ ကျွန်တော်တို့က ကဏ္ဍအမျိုးစုံ အကုန်လုံး၊ အဲ့ဒီလူ့စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍရော၊ ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ ပို့ဆောင်ရေးကဏ္ဍ၊ အကုန်လုံး ကျွန်တော်တို့ အကူအညီများ ပေးနေပါတယ်ခင်ဗျာ့။ ဒါပေမယ့် အဲ့ဒီကြားမှာ ကျွန်တော်တို့ အထူးသဖြင့် ဦးစားပေးနေတဲ့ ကဏ္ဍက ၃ မျိုး ရှိပါတယ်။ အဲ့ဒီကဏ္ဍ ၃ မျိုးမှာ ပထမအချက်က ပို့ဆောင်ရေးကဏ္ဍဖြစ်ပါတယ်။  ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဆိုတာ လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်း၊ လေဆိပ် အဲ့ဒီဟာတွေ ပါပါတယ်ခင်ဗျ။ ဒုတိယအချက်က စွမ်းအင်နဲ့ လျှပ်စစ်စီမံကိန်းဖြစ်ပါတယ်ခင်ဗျာ့။ အဲ့ဒီကဏ္ဍကလည်း ကျွန်တော်တို့် ဒုတိယ ဦးစားပေးနေတဲ့ကဏ္ဍ ဖြစ်ပါတယ်ခင်ဗျာ့။ နောက်ဆုံး  တတိယအချက်ကတော့ ရန်ကုန်မြို့တော်က စီးပွားရေးမြို့တော် ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် အဲ့ဒီကဏ္ဍ၃ခုကို အဓိကဦးစားပေးပြီးတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မူ လုပ်နေပါတယ်။ နောက်တစ်ခုက များမကြာခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သူကိုယ်တိုင် ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ သီလဝါအထူးစီးပွားရေးဇုန် အဲ့ဒီမှာ အင်မတန်မှ မြန်မာအစိုးရ၊ မြန်မာပုဂ္ဂလိကဘက်ကရော ပြင်ပအကူအညီများ ရပြီးတော့ အင်မတန်မှ အောင်မြင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းမှာပဲ ဆက်ပြီးတော့ သီလဝါအထူးစီးပွားရေးဇုန်မှာပဲ ဂျပန်ကုမ္ပဏီများ နိုင်ငံတကာကုမ္ပဏီများက လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်ခင်ဗျ။ များမကြာခင်မှာပဲ ပြီးခဲ့တဲ့ ၅လပိုင်းမှာ ကျွန်တော်တို့ ဂျပန်က နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Toyota ကုမ္ပဏီကိုယ်တိုင် သီလဝါ အထူးစီးပွားရေးဇုန်မှာ Investment လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျ။

မေး ။  ။ သီလဝါ စီးပွားရေးဇုန်ဆိုလို့ လက်ရှိမြန်မာနိုင်ငံမှာလုပ်နေကြတဲ့ အထူးစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးအနေနဲ့ သဘောထားအမြင်ကို ပြောပြပေးပါခင်ဗျ။

‌ဖြေ ။     ။ မြန်မာ့နိုင်ငံမှာ အထူးစီးပွားရေးဇုန် SEZ ဆိုတာက အဲ့ဒီသီလဝါတစ်ခုတည်းပဲ ရှိပါတယ် ခင်ဗျ။ ဒါကြောင့် အဲဒီတစ်ခုတည်းရဲ့ အောင်မြင်မူကို နမူနာကို မူတည်ပြီးတော့ တခြားစက်မူလက်မူဇုန်တွေ ဖွံ့ဖြိုးရေးကို လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျပန်ကုမ္ပဏီများ နိုင်ငံတကာကုမ္ပဏီများ စက်ရုံဆောက် အလုပ်လုပ်တဲ့အခါမှာ မြန်မာပြည်သူလူထုများက အဲ့ဒီမှာ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ရင် အတွေ့အကြုံတွေရနိုင်မယ် နည်းပညာတွေ ရနိုင်မယ်။ ဒါဆိုရင် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကိုယ့်ထူကိုယ်ထ ၊ ကိုယ့်ခြေထောက်နဲ့ စီးပွားရေးလုပ်ငန်း လုပ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ် ခင်ဗျာ။

မေး ။  ။ မြန်မာနိုင်ငံအနေနဲ့ပေါ့နော် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့၊ ကုန်သွယ်ရေးတွေ ဒီထက်ပိုပြီး အားကောင်းလာဖို့ အတွက် ဘာတွေလိုအပ်ပါသေးလဲလို့ သံအမတ်ကြီး ထင်ပါသလဲခင်ဗျာ့။

ဖြေ ။     ။ အဓိကအားဖြင့် ၂ ချက်ရှိတယ်လို့ထင်တယ်။ ပထမအချက်က အခြေခံအဆောက်အအုံ ဖြစ်ပါတယ်ခင်ဗျာ့၊ အခြေခံအဆောက်အအုံဆိုတာက အများကြီး၊ အမျိုးမျိုးရှိပေမယ့် အဓိကက လျှပ်စစ်မီးဖြစ်ပါတယ်ခင်ဗျ။  လျှပ်စစ်မီး လုံလုံလောက်လောက် ရနိုင်တယ်ဆိုရင် ပိုပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဝင်လာမယ်လို့ထင်ပါတယ်။ ရင်းနှီးမြုပ်နှံမူ လုပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက တင်ပို့နိုင်မယ့်ပစ္စည်းတွေ တင်ပို့ပြီးတော့ ပိုပြီးတော့ တိုးတက်မယ်လို့ ကျွန်တော်တော့ မျှော်လင့်ပါတယ်ခင်ဗျ။ ဒုတိယအချက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့အတွက် မြန်မာအစိုးရကို ခွင့်ပြုချက် တောင်းလိုက်တဲ့အခါမှာ ဘယ်တော့ရနိုင်မလဲ အဲ့ဒီခွင့်ပြုချက်က နောက်တစ်လဆို ရနိုင်မလား၊ နောက်၂ လစောင့်ရမှာလား ဆိုတာမသေချာဘူး။ ပြီးတော့ တစ်ခါတစ်လေ အစိုးရခွင့်ပြုချက်ရမှ တခြားအဖွဲ့အစည်း ဥပမာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ဒါမှမဟုတ်ရင် တခြားသမ္မတရုံး  ဘာညာ အဲ့ဒါကို တင်ပြရတယ်ဆိုပြီး ရှိပါတယ်။ ဒါကြောင့် Investment စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုရင် အစိုးရခွင့်ပြုချက်က အချိန်ဘယ်လောက် ကြာမှာလည်း၊ ပြီးရင် ဘယ်အဖွဲ့အစည်းက ခွင့်ပြုချက်ရရင် လုပ်နိုင်မလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း၊ ပွင့်လင်းမြင်သာစွာနဲ့ မြန်မာအစိုးရက အဲ့ဒီနိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေကို နားလည်အောင် ရှင်းပြဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး ။  ။ နောက်တစ်ခုက ကုန်သွယ်ရေးနဲ့ ပတ်သက်တာပေါ့နော်၊ ဂျပန်မြန်မာ ကုန်သွယ်ရေး ကဏ္ဍမှာရော ဒီထက်ပိုပြီးတော့ အားကောင်းလာအောင် ဘာတွေ လုပ်ဖို့ လိုတယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ ။     ။ အဲ့ဒီကုန်သွယ်ရေးက ကျွန်တော်တို့ ဂျပန်နိုင်ငံက ကုန်ကြမ်းပစ္စည်းများကို မြန်မာနိုင်ငံကို တင်ပို့တာတွေ ရှိပါတယ် ၊ မြန်မာ့နိုင်ငံက အထူးသဖြင့် စိုက်ပျိုးရေးက ဟင်းသီးဟင်းရွက်၊ ဒီပစ္စည်းများကို ကျွန်တော်တို့ဆီ တင်သွင်းတာတွေ လုပ်နေပါတယ် ခင်ဗျ၊ ကျွန်တော်တို့ ဂျပန်-မြန်မာ ကုန်သွယ်ရေးကဏ္ဍမှာဆိုရင် အင်မတန်မှ တိုးတက်နေပါတယ်။ ဥပမာ- မြန်မာနိုင်ငံက အကောက်ခွန်ဦးစီးဌာနတို့၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နဲ့ ဆက်သွယ်ပြီးတော့ ဂျပန်သံရုံးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ကုန်သွယ်ရေးတိုးတက်အောင် ကြိုးစားပါမယ်ခင်ဗျ။

မေး ။  ။ အခုနောက်ပိုင်းမှာလေ မြန်မာပြည်က မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံမှာသွားပြီး အလုပ်လုပ်တာ များလာပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးတော့ရော၊ ဂျပန်မှာပိုမိုပြီးတော့ လာပြီးတော့ အလုပ်လုပ်လို့ရအောင် သံအမတ်ကြီးအနေနဲ့ ဘယ်လိုမျိုးသတင်းစကားရှိပါသလဲခင်ဗျ။

ဖြေ ။     ။ ဟုတ်ကဲ့၊ ဘာကြောင့်မှန်းတော့မသိပါဘူး။ မြန်မာနိုင်ငံကိုလာတဲ့ ဂျပန်လူမျိုးတိုင်းက မြန်မာနိုင်ငံကို အင်မတန်မှ ချစ်တယ်၊ ကြိုက်တယ်။ မြန်မာလူမျိုးကို အင်မတန်မှ ချစ်တယ်၊ ကြိုက်တယ်၊ သဘောကျတယ်။ မြန်မာပြည်ကိုလာတဲ့ ဂျပန်လူမျိုးမှာ မြန်မာနိုင်ငံကို မြန်မာလူမျိုးကို မကြိုက်တော့ဘူးဆိုတဲ့ ဂျပန်လူမျိုးတွေ တစ်ယောက်မှ မရှိသလောက် ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို မြန်မာလူမျိုး လူငယ်များ ဂျပန်ပြည်လာပြီးတော့ အလုပ်လုပ်တယ်ဆိုရင် ကျွန်တော်တို့ ဂျပန်လူမျိုးအတွက် အင်မတန်မှ သဘောကျတယ် ထင်ပါတယ်။ အထူးသဖြင့် အခုကျွန်တော်တို့ သတ်မှတ်လိုက်တာက ကျွမ်းကျင်တဲ့အလုပ်သမား ဖိတ်ခေါ်တဲ့စနစ်အသစ် ထူထောင်ခဲ့ပါတယ်။ အဲ့ဒီစနစ်နဲ့ ဂျပန်ပြည်ကိုသွားပြီး အလုပ်လုပ်မယ်ဆိုရင် ဂျပန်လူမျိုးများ ခံစားရတဲ့ ခံစားခွင့် လခတို့ ၊ အာမခံတို့ အဲ့ဒီအခွင့်အရေးတွေ အတူတူခံစားခွင့်ရပါတယ်။ ပြီးတော့ နောက်တစ်ခုက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်လို့ အဆင်မပြေဘူးဆိုရင် တခြားကုမ္ပဏီမှာလည်း အလုပ်လုပ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလို ဂျပန်ပြည်မှာ လာပြီးတော့ အလုပ်လုပ် ၊ အဲ့ဒီအလုပ်မှာကျွမ်းကျင်ပြီဆိုရင် မြန်မာပြည်သားတိုင်း မြန်မာပြည်ပြန်လာတာ(ဖြစ်ဖြစ်)၊ ဂျပန်ကုမ္ပဏီ ဒါမှမဟုတ် မြန်မာကုမ္ပဏီမှာ အလုပ်လုပ်မယ် ဒါမှမဟုတ် သူ့ကိုယ်ထူကိုယ်ထ ကုမ္ပဏီအလုပ်တွေ ရနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မေး ။  ။ ဟုတ်ကဲ့၊ အဲ့ဒီကျွမ်းကျင်တဲ့ အလုပ်သမားတွေဟာ ဘယ်ကဏ္ဍတွေမှာ အများဆုံးဖြစ်နိုင်ပါသလဲ။

ဖြေ။   ။ အခု ဒီလ (အောက်တိုဘာ) ၂၇ ရက်နေ့မှာ ဟိုတယ်လုပ်ငန်း စလုပ်ပါမယ်။ အဲ့ဒီနေ့မှာပဲ စာမေးပွဲလုပ်ပါမယ်။ ကျွန်တော်တို့ ဂျပန်နိုင်ငံမှာဆိုရင် နိုင်ငံခြားခရီးသည်များ ဂျပန်ပြည်ကို များများရောက်နေပါတယ်။ ဒါပေမယ့် ဟိုတယ်လုပ်ငန်းမှာ အလုပ်လုပ်တဲ့လူ သိပ်မရှိသလောက်ဖြစ်နေပါတယ်။ ဒါကြောင့် အဲ့ဒီကဏ္ဍမှာ မြန်မာလူငယ်များကို ဟိုတယ်လုပ်ငန်းအတွက် ဖိတ်ခေါ်နေတာပါ။

မေး ။  ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ နောက်ထပ်မေးခွန်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရခိုင်ပဋိပက္ခဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တချို့ဆက်ဆံရေးက တော်တော်ထိခိုက် သွားပါတယ်။ အဲ့ဒီတော့ ရခိုင်ပဋိပက္ခဖြစ်ပြီးတဲ့နောက် ဂျပန်နိုင်ငံရဲ့ သဘောထားက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ ။     ။ ရခိုင်ပြည်နယ်ကိစ္စက အခုဖြစ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟိုးအရင်ထဲက ရှိခဲ့တဲ့ အခက်အခဲလည်း ဖြစ်တယ်၊ ပြီးတော့ ရှုပ်ထွေးတဲ့ကိစ္စလည်း ဖြစ်တဲ့အတွက် အခုချက်ချင်း ဖြေရှင်းနိုင်မှာလည်း မဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါဆိုရင် .. ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်က ဘာလဲဆိုရင် မြန်မာအစိုးရ ၊ မြန်မာပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ အမြန်ဆုံး ဖြေရှင်းမယ်ဆိုတာက ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ အခြေခံ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အသံကျယ်ကျယ်နဲ့ မြန်မာနိုင်ငံ မြန်မာအစိုးရကို ဝင်ပါတယ်၊ ဖိအားပေးတယ် အဲ့ဒါမျိုးနဲ့ ဖြေရှင်းနိုင်တယ်လို့ လုံးဝမထင်ပါဘူး။ ကျွန်တော်တို့ သဘောမတူနိုင်ပါဘူး။ ဒီကိစ္စကို တစ်ကယ်ဖြေရှင်းချင်တယ်၊ ဆန္ဒရှိတယ်ဆိုရင် နိုင်ငံတကာနဲ့ နိုင်ငံတိုင်းက မြန်မာအစိုးရနဲ့ပူးပေါင်းပြီးတော့ အကောင်းဘက်ကို သွားနိုင်အောင် ကြိုးစားဖို့လိုတယ်။ အဲ့ဒါက ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ အဓိက ရပ်တည်ချက်ပါပဲ ဖြစ်ပါတယ်။ များမကြာခင်မှာပဲ တပ်မတော်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်ပြည်ကို ရောက်ပါတယ်။ ဂျပန်ပြည်ကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ဝန်ကြီးချုပ် မစ္စတာအာဘေး၊ ကာကွယ်ရေးဝန်ကြီး မစ္စတာခိုနို၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတေဂီ တို့နဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ပါတယ်။ အဲ့ဒီအခါမှာလည်း ရခိုင်ပြည်နဲ့ပတ်သက်လို့ အခြေခံရပ်တည်ချက်ကို  ကျွန်တော်တို့ရှင်းပြခဲ့ပါသေးတယ် ခင်ဗျာ။

မေး ။  ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေကျတော့ရော ဂျပန်နိုင်ငံရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။     ။ ကျွန်တော်တို့က အခုမျှော်လင့်နေတာကတော့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အခုစုံစမ်းနေပါတယ်။ သူစုံစမ်းပြီးတော့ နောက်ဆုံးအစီရင်ခံစာကို မြန်မာအစိုးရကို ပေးအပ်ပါမယ်။ အဲ့ဒါက ဒီနှစ်ကုန်လောက်မှာ ပေးအပ်မယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီနောက်ဆုံး အစီရင်ခံစာထုတ်မှ အဲ့ဒါကိုမူတည်ပြီးတော့ မြန်မာအစိုးရ၊ မြန်မာတပ်မတော်က လိုအပ်တဲ့ အရေးယူစရာရှိတယ်ဆိုရင် အရေးယူမယ်။ ပြင်စရာရှိတယ်ဆိုရင် ပြင်မယ်။ အဲ့ဒါကို လက်တွေ့ကျကျ ဆောင်ရွက်ဖို့ အင်မတန်မှ မျှော်လင့်နေပါတယ်။

မေး ။  ။ ရခိုင်ပြည်နယ်ဘက်ကနေ နောက်ထပ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ မေးစရာမေးခွန်းကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာပါ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်ကူညီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံရဲ့ သဘောထားက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ ။     ။ ဒီလ (အောက်တိုဘာ) ၂၈ ရက်နေ့မှာ NCA တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးလိုက်တာ ၄ နှစ်ပြည့်တဲ့ အခမ်းအနားကို နေပြည်တော်မှာလုပ်မယ်လို့ သတင်းတွေ ရထားပါတယ်။ အဲ့ဒီအခမ်းအနားကို ကျွန်တော်ကိုယ်တိုင် တက်ဖို့ စဉ်းစားနေပါတယ် ခင်ဗျာ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ် ဆိုရင် ၂ပိုင်းရှိပါတယ် ခင်ဗျာ။ တစ်ခုက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းကို ဘယ်တော့ NCA လက်မှတ် ထိုးနိုင်အောင် ဖိတ်ခေါ်နိုင်မလဲဆိုတဲ့ ကဏ္ဍတစ်ခုရှိပါတယ်။ ဒုတိယကဏ္ဍက လက်မှတ်ထိုးပြီးတဲ့ အဖွဲ့အစည်း ၁၀ ခုရှိပါတယ်။ အဲ့ဒီလက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ သူ့သြဇာရှိတဲ့ နေရာမှာ နေထိုင်တဲ့ ဒေသခံများ အဆင်ပြေအောင် ဘာအကူအညီများ ပေးနိုင်မလဲ။ ဥပမာ နေဖို့အိမ်၊ ဝင်ငွေရနိုင်ဖို့၊ အလုပ်အကိုင်ရနိုင်ဖို့၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ။ ဒါကြောင့် အဲ့ဒီကဏ္ဍ၂ခုမှာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ မစ္စတာဆာကာဝါနဲ့ ပူးပေါင်းပြီးတော့  တက်တက်ကြွကြွ ဆောင်ရွက်ပါမယ် ခင်ဗျ။

မေး ။  ။ နောက်ထပ် မေးခွန်းတစ်ခုကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာမီရက်ပိုင်းအတွင်းမှာ ဂျပန်နိုင်ငံကို သွားဖို့ရှိပါတယ်။ အဲ့ဒီခရီးစဉ်အတွင်းမှာ သံအမတ်ကြီးပြောလို့ရနိုင် သလောက်ပေါ့။ ဘာတွေထူးခြားမှုတွေရှိနိုင်မလဲ ဘယ်လိုမျိုးသဘောတူညီချက်တွေရနိုင်မလဲ ဆိုတာလေး ပြောပြပေးပါ။

ဖြေ ။     ။ ကျွန်တော်တို့ ဂျပန်ပြည်မှာကျင်းပမယ့် နန်းတက်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်မယ်ဆိုတာက အင်မတန်မှကို လေးစားပါတယ်။ ဂုဏ်လည်းယူပါတယ် ခင်ဗျာ။ နန်းတက်ပွဲပြီးတော့ ဝန်ကြီးချုပ် မစ္စတာအာဘေးနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ် ခင်ဗျာ။ တစ်ကယ် အကောင်အထည် ပေါ်တယ်ဆိုရင် ၂ နိုင်ငံဆက်ဆံမှုက ပိုပြီးတော့ တိုးတက်အောင် ဂျပန်မြန်မာခေါင်းဆောင်ပိုင်းတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့ အင်မတန်မှ မျှော်လင့်နေပါတယ် ခင်ဗျ။ နောက်တစ်ချက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ပြည်ကို ရောက်တဲ့အခါမှာ သူကိုယ်တိုင် တက်ပြီးတော့ Myanmar Investment Forum တစ်ခုကို တိုကျိုမှာ ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ အခုကျွန်တော်တို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ အဲ့ဒီဖိုရမ်ကို တက်ခွင့်ရအောင်ဆိုပြီး အယောက် ၇၀၀ ကျော်   စောင့်နေကြပါတယ်။ အဲ့ဒါက ဘာပြနေသလဲဆိုရင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ ၊ ဂျပန်ကုမ္ပဏီများ ဘယ်လောက် မြန်မာစီးပွားရေးကို ဘယ်လောက် စိတ်ဝင်စားသလဲဆိုတာကို အသေအချာ ပြနေပါတယ် ခင်ဗျာ။

မေး ။ ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေထဲမှာ မီဒီယာနဲ့ ပတ်သက်တာလည်း ကြားမိ ပါတယ်။ အထူးသဖြင့်တော့ MRTV ပေါ့နော်။ အဲ့ဒီအကူအညီတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး ကူညီဆောင်ရွက် ပေးနေတယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ ။     ။ ကျွန်တော်တို့က မြန်မာတီဗီနဲ့ ရုပ်မြင်သံကြားအတွက် လိုအပ်တဲ့ ပစ္စည်းများ ၊ စက်ပစ္စည်းများကို ကျွန်တော်တို့ ထောက်ပံ့ အကူအညီပေးခဲ့ပါတယ်။ အဲ့ဒါတင်မက ကျွန်တော်တို့ အခု စဉ်းစားနေတာက နည်းပညာဖြစ်ပါတယ် ခင်ဗျာ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာတီဗီနဲ့ ရုပ်မြင်သံကြားကဏ္ဍမှာ နည်းပညာ အကူအညီပေးဖို့ စဉ်းစားနေပါတယ်ခင်ဗျာ။

မေး ။  ။ နောက် ၅ နှစ်ကို မျှော်ကြည့်လိုက်ရင် ဂျပန် - မြန်မာဆက်ဆံရေးကို ဘယ်လိုမျှော်မှန်းထားပါသလဲ ခင်ဗျ။

ဖြေ ။     ။ မြန်မာနိုင်ငံက သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် အရင်က တပ်မတော်အစိုးရရှိခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ပြီးတော့ အခု ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အာဏာရတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရကို အရင် တပ်မတော်အစိုးရပုဂ္ဂိုလ်များက အာဏာကို ငြိမ်းချမ်းစွာ ပြန်အပ်ခဲ့ပါတယ်။ အဲ့ဒီလို ငြိမ်းချမ်းစွာ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလိုက်တယ်ဆိုတာက တစ်ကမ္ဘာလုံးမှာ လုံးဝမရှိ သလောက် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီလို အခက်ဆုံးဖြစ်တဲ့ နိုင်ငံရေးအပြောင်းအလဲကို အောင်မြင်စွာ လုပ်နိုင်တဲ့ မြန်မာပြည်သူလူထု မြန်မာအစိုးရဆိုရင် နောက်၅နှစ်အတွင်းမှာ မတိုးတက်ဘူးဆိုတဲ့ အကြောင်း လုံးဝမရှိဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံ နောက် ၅ နှစ် ၊ ၁၀ နှစ် ဆိုရင် အမြဲတမ်း Optimistic မျှော်လင့်ချက် အင်မတန်မှ များပါတယ်ခင်ဗျာ။

မေး ။  ။   ဟုတ်ကဲ့ ကျွန်တော့် ပါဆင်နယ် မေးခွန်းပါခင်ဗျ။ နောက်ဆုံးမေးခွန်းလည်း ဖြစ်ပါတယ်။ သံအမတ်ကြီးက မြန်မာပြည်မှာ နှစ်အကြာကြီး တာဝန်ထမ်းဆောင်ပြီးတော့ သွားတဲ့ လာတဲ့အခါမှာ မြန်မာနိုင်ငံမှာ သဘောကျတာ ဘာတွေရှိပါသလဲ ခင်ဗျ။

ဖြေ ။     ။ ကျွန်တော်အင်မတန်မှ သဘောကျတာ မြန်မာနိုင်ငံ ၊ မြန်မာလူမျိုးကို အင်မတန်မှ သဘောကျပါတယ်။ မြန်မာလူမျိုးဆိုတာက အင်မတန်မှ စေတနာကောင်းပါတယ်။  စေတနာရှိပါတယ်။ ကျွန်တော်တို့ ဂျပန်လူမျိုးသာမကဘူး ၊ တခြားနိုင်ငံခြားသားများ လာတဲ့အခါမှာ နွေးနွေးထွေးထွေးနဲ့ ဆက်ဆံတယ်၊ ကြိုဆိုတယ်၊ ပေါင်းသင်းတယ်။ အဲ့ဒီ မြန်မာလူမျိုးစိတ်ဓါတ်က အနာဂတ်ကာလမှာလဲ မပြောင်းလဲဘဲနဲ့ ဒီအတိုင်းပဲ ရှိဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ် ခင်ဗျ။

မေး ။ ။ ဘာများ ဖြည့်စွက်ပြီးပြောချင်ပါသေးလဲ သံအမတ်ကြီးခင်ဗျာ။

ဖြေ ။      ။ မြန်မာနိုင်ငံက ကျွန်တော်တို့ ဂျပန်နိုင်ငံအတွက် တစ်ကယ်ကို မိတ်ဆွေနိုင်ငံဖြစ်တယ် ၊ ကျေးဇူးရှင် နိုင်ငံဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဘာအခက်အခက်ပဲရှိရှိ ၊ ရှိတဲ့အချိန်ပဲဖြစ်ဖြစ် အဲ့ဒီအခက်အခဲကို ဖြေရှင်းနိုင်အောင် ကျွန်တော်တို့ ဂျပန်နိုင်ငံ ဂျပန်အစိုးရ ဂျပန်ပြည်သူလူထုကပူးပေါင်းပြီး ဆက်ပြီးတော့ ကြိုးစားပါမယ်။ အဲ့ဒါက ဂျပန်အစိုးရ ၊ ဂျပန်ပြည်သူလူထုရဲ့ စိတ်ဓါတ်၊ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

သံအမတ်ကြီးအခုလို အချိန်ပေးပြီးတော့ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။   ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly