သမ္မတဟောင်း လူလာအား ထောင်မှ လွတ်စေနိုင်မည့် ဆုံးဖြတ်ချက် ဘရာဇီးတရားရုံးချုပ် ထုတ်ပြန်

သမ္မတဟောင်း လူလာအား ထောင်မှ လွတ်စေနိုင်မည့် ဆုံးဖြတ်ချက် ဘရာဇီးတရားရုံးချုပ် ထုတ်ပြန်

နိုဝင်ဘာ ၈ ။            ။ ပထမတစ်ကြိမ် အယူခံရှုံးနိမ့်ထားသည့် ရာဇဝတ်သားများအား ထောင်ကျစေမည့် ဆုံးဖြတ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် ဘရာဇီးတရားရုံးချုပ်က နိုဝင်ဘာ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ ယင်းနိုင်ငံတွင် လက်ဝဲယိမ်း သမ္မတဟောင်း လူလာ ဒါ ဆေးဗားလ် ကို လွတ်မြောက်စေဖို့ လမ်းခင်းပေးလိုက်ခြင်း ပင်ဖြစ်သည်။

ယင်းအပြင် လူလာ အပါအဝင် အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး အဖမ်းခံထားရသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့်နိုင်ငံရေးသမားများအပြင် အခြားအကျဉ်းသားအတော်များများကို ထောင်မှ လွတ်မြောက်နိုင်မည့် ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

ယခုဆုံးဖြတ်ချက်အရ ၎င်းတို့အနေဖြင့် စွဲဆိုခံထားသည့်အမှုများအတွက် အယူခံဝင်ခွင့်ကို အသုံးချနိုင်ခွင့် ရှိနေသရွေ့ ထောင်ကျနေမည်မဟုတ်ဘဲ ဆက်လက်လွတ်မြောက်ခွင့် ရနေမည်ဖြစ်သည်။

သမ္မတဟောင်း လူလာသည် မည်သည့် အမှားအယွင်းမှ မလုပ်ခဲ့ကြောင်း၊ ၎င်းကိုထောင်ချခဲ့ခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်အတွက် ဥပဒေကို အသုံးချခဲ့ခြင်းသာဖြစ်ကြောင်း သမ္မတဟောင်းလူလာ၏ ရှေ့နေအဖွဲ့ကပြောသည်။ တရားရုံးချုပ်တွင်  ၆ မဲ ၅ မဲဖြင့် အနိုင်ရသွားသည့် ယခုဆုံးဖြတ်ချက်သည် Car Wash စစ်ဆေးမှုဟု သိကြသော လာဘ်စားမှု အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးခဲ့သူများအတွက် အဓိကအနှောင့်အယှက် ကြီးတစ်ရပ်ပင်ဖြစ်သည်။

တရားသူကြီး ၁၁ ဦးထဲမှ တစ်ဦးဖြစ်သည့် လူဝီ ရိုဘာတို ဘာရိုစိုက မူလဆုံးဖြတ်ချက်ကို မပြောင်းရန်၊ မဲပေးခဲ့ပြီး ယခုစနစ်သည် ဆင်းရဲသားများအတွက် မခံမရပ်နိုင်ဖြစ်စေပြီး လူချမ်းသာများကို မျက်နှာသာပေးရာ ရောက်ကြောင်း ဆိုသည်။

လူလာ ထူထောင်ထားသည့် အလုပ်သမားပါတီဥက္ကဋ္ဌဖြစ်သူ ဂလေစီဟော့ဖ်မန်းက ရက်စက်မှု များအဆုံးသတ် သွားပြီဖြစ်ကြောင်း၊ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အမှန်တရားက အနိုင်ရလိမ့်မည် ဟု တွစ်တာတွင် ရေးသားခဲ့သည်။   ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly