ဘလွန်းဒီအော်ဆု မဲပေးရာမှာ အာဖရိက ကစားသမားတွေကို ‘လေးစားခြင်း မရှိကြဘူး’ - အီတူး

ဘလွန်းဒီအော်ဆု မဲပေးရာမှာ အာဖရိက ကစားသမားတွေကို ‘လေးစားခြင်း မရှိကြဘူး’ - အီတူး
Photos: AFP & EPA

အာဖရိကကစားသမားတွေဟာ သူတို့ရဲ့ ရထိုက်တဲ့ အသိအမှတ်ပြုမှုမျိုးကို မရရှိသေးဘူးလို့ ကင်မရွန်းဂန္တဝင် ဆမ်မြူရယ် အီတူးက AFP နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့သလို ဘလွန်းဒီအော် (Ballon d'Or)ဆုကို တခြားတိုက်မှ ကစားသမားတစ်ဦးက ဆွတ်ခူးတဲ့နှစ်လည်းဖြစ်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

ပီအက်စ်ဂျီနဲ့ အေစီမီလန်တိုက်စစ်မှူးဟောင်း၊ လက်ရှိ လိုက်ဘေးရီးယားနိုင်ငံရဲ့ သမ္မတ ဂျော့ချ်ဝီယာဟာ ၁၉၉၅ ခုနှစ်မှာ ဘလွန်းဒီအောဆုကို ဆွတ်ခူးခဲ့ပေမယ့် ဒီဆုကို ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အာဖရိက ကစားသမားဖြစ်နေဆဲပါ။

"အာဖရိကမှာ ကျနော်တို့ရဲ့ မီဒီယာတွေကို အနောက်မီဒီယာတွေက လွှမ်းမိုးထားပါတယ်။ ဒါ့ကြောင့် သူတို့ ကျိန်းသေ သြဇာလွှမ်းမိုးမှုရှိတယ်။ လူတွေက လီယွန်နယ် မက်ဆီ ဂိုးသွင်းတာကို မြင်ရတာ ပိုကြိုက်တယ်။"လို့ အသက် ၃၈ နှစ်အရွယ် အီတူးက ပြီးခဲ့တဲ့လက ပါရီကို အလည်အပတ်ခရီးစဉ်အတွင်း AFP ကို ပြောခဲ့ပါတယ်။

ဘာစီလိုနာကစားသမားဟောင်းလည်းဖြစ် မက်ဆီရဲ့ အသင်းဖော်လည်းဖြစ်ခဲ့ဖူးတဲ့ အီတူးက "အာဖရိက ကစားသမားတွေကို လေးစားခြင်း မရှိသလို အမြဲလိုလို လုံးဝ တန်ဖိုးထားခြင်းလည်း မရှိခဲ့ကြဘူး"လို့ ယုံကြည်နေပါတယ်။

အာဖရိကနိုင်ငံအသင်း (၅၄)သင်းလုံးရဲ့ အသင်းခေါင်းဆောင်နဲ့ နည်းပြတွေက မဲပေးခဲ့တာဖြစ်ပေမယ့် သူတို့အားလုံးဟာ ဆာလာ ဒါမှမဟုတ် ဆီနီဂေါအသင်းနဲ့ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ ဆာနေတို့ကို မဲပေးခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

သူဟာ ချန်ပီယံလိဂ်ဖလား သုံးကြိမ်နဲ့ အာဖရိကနိုင်ငံများဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့ပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းပြီးတဲ့နောက် မကြာသေးခင်က ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဘယ်တော့မှ မရခဲ့ပေမယ့်လည်း ဝမ်းနည်းရတာတွေ မရှိဘူးလို့ အခိုင်အမာ ဆိုပါတယ်။

"ဒီဆုမရလို့ ဝမ်းနည်းရတာတွေမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ဆုဖလားတွေ အများကြီး ဆွတ်ခူးခဲ့တယ်။ အိပ်မက်တွေ အများအပြားကို လုပ်ဆောင်ခဲ့တယ်။ ကျနော့်အတွက်တော့ ဒါက ဘလွန်းဒီအော်ဆု ရတာနဲ့ ညီမျှပါတယ်။ ဒါပေမယ့်လည်းလေ ကျနော့် မျိုးဆက်ပြီးနောက်မှာ လာကြတဲ့ ညီငယ်တွေအတွက် ကျနော် ခံစားရပါတယ်။"

သောကြာနေ့မှာ ပိတ်သိမ်းမယ့် မဲပေးမှု

ဒီနှစ်ရဲ့ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် (၃၀)ဦးစာရင်းမှာ အာဖရိကကစားသမား (၅)ဦးအထိ ပါရှိပြီး ဆုပေးပွဲအခမ်းအနားကို လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့ ပါရီမြို့မှာ သွားမှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဘလွန်းဒီအော်ဆုကို (၆၄)ကြိမ်မြောက်အဖြစ် ချီးမြှင့်သွားမှာဖြစ်ပြီး မတူညီတဲ့ နိုင်ငံတွေက ဂျာနယ်လစ်အယောက် (၁၈၀)က မဲပေးမှုကို သောကြာနေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းထဲမှာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ကြတဲ့ ဆီနီဂေါမှ မာနေးနဲ့ အီဂျစ်မှ ဆာလာတို့ နှစ်ဦးလုံး ပါဝင်ပါတယ်။

ဒီကစားသမား နှစ်ယောက်လုံးဟာ စက်တင်ဘာလက ချီးမြှင့်တဲ့ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆု (The Best)မှာ ထိပ်ဆုံး သုံးဦးစာရင်း ပြင်ပမှာသာ ရပ်တည်ခဲ့ပါတယ်။ ဒီဆုကို မက်ဆီက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ ရော်နယ်လ်ဒိုကို ဖြတ်ကျော်ပြီး ဆွတ်ခူးခဲ့တာပါ။

မီလန်မြို့မှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲကို အီတူးက တက်ရောက်ခဲ့ပြီး ကော်ဇော်နီပေါ် ရပ်နေရာမှာတော့ ဘလွန်းဒီအော်ဆုကို ဘယ်သူ ရမလဲဆိုတာ မေးမြန်းခဲ့ရမှာ သူက မာနေးနဲ့ ဆာလတ်တို့ကို ညွှန်းဆိုပြီး သူတို့ ရလိမ့်မယ်လို့ ခန့်မှန်းဖြေကြားခဲ့ပါတယ်။ ဒီအင်တာဗျူး ဗီဒီယိုကလစ်ဟာ အင်တာနက်ပေါ် လျင်လျင်မြန်မြန်နဲ့ပဲ ရောက်သွားခဲ့ပါတယ်။

"ဒါက အာဖရိကအတွက် မာနေး ဒါမှမဟုတ် ဆာလာတို့ကို စင်မြင့်ထက်ပေါ် မြင်ရဖို့ အခွင်းအရေးတစ်ခုဖြစ်ခဲ့တယ်။ ပြီးတော့ ဘာလို့ အဲဒါကို မရခဲ့တာလဲ။ သူတို့နှစ်ယောက်လုံးက အံ့သြဖွယ်ကောင်းတဲ့ ရာသီတွေ ရှိခဲ့ပြီး ဒီဆုကို ရခဲ့မယ်ဆိုရင် ဘယ်သူ့မှလည်း အံအားသင့်နေမှာ မဟုတ်ပါဘူး။"လို့ အီတူးက ပြောပါတယ်။

အာဖရိကနိုင်ငံအသင်း (၅၄)သင်းလုံးရဲ့ အသင်းခေါင်းဆောင်နဲ့ နည်းပြတွေက မဲပေးခဲ့တာဖြစ်ပေမယ့် သူတို့အားလုံးဟာ ဆာလာ ဒါမှမဟုတ် ဆီနီဂေါအသင်းနဲ့ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ ဆာနေတို့ကို မဲပေးခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

"အာဖရိကန်တွေကြားမှာ ဘာကြောင့် ဒီအမုန်းပွားမှု ရှိနေကြရတာလဲ။ ဘာကြောင့် ဒီမနာလိုမှုကို နေရာထားမှားကြတာလဲ။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးမထားရင် တခြားသူတွေက ကျနော်တို့အတွက် လုပ်ပေးမှာ မဟုတ်ဘူး။"လို့ အီတူးက ပြောပါတယ်။

"ဒါက အရှက်ရစရာပါ။ အာဖရိကသားအားလုံး တခြားအာဖရိက ကစားသမားတွေကို မဲပေးခဲ့မယ်ဆိုရင် ကျနော်တို့ဟာ အကောင်းဆုံးကစားသမားအတွက် ဆုအများစွာရပါလိမ့်မယ်။"

ပရီးမီးယားလိဂ်ကြယ်ပွင့်များ

မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်ဟာ အယ်လ်ဂျီးရီးယားအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား ဆွတ်ခူးပြီးတဲ့နောက် ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းထဲ အရွေးခံရသလို နပိုလီနဲ့ ဆီနီဂေါနောက်ခံလူ ကူလီဘလီ၊ အာဆင်နယ်နဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းတို့လည်း ပါဝင်ခဲ့ပါတယ်။

"အာဖရိကဟာ ဘယ်လောက်တောင့်တင်းတယ်ဆိုတာ ပြသဖို့ လိုတယ်။ ချန်ပီယံလိဂ်မှာ ၁၀ ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ ဒီလိုကစားသမားကောင်းတွေ ရှိတာ ကျနော်တို့ ကံကောင်းတယ်။ ပရီးမီးယားလိဂ်မှာ ထိပ်တန်းဂိုးသွင်းသူ သုံးယောက် (မာနေး၊ ဆာလာ၊ အူဘာမီယန်း) ကျနော်တို့မှာ ရှိတယ်။ ဒါပေမယ့် ဒီလူငယ်တွေဟာ တနည်းနည်းနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ အထောက်အပံ့ မရရှိကြဘူး။"လို့ အီတူးက ဆက်ပြောခဲ့ပါတယ်။

"သူတို့တွေကို ကျနော်တတ်နိုင်သလောက် ခုခံကာကွယ်ပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ တနေ့ကျတော့ ဒီလက်ဆင့်ကမ်းမှုက သူတို့အလှည့်ရောက်လာမှာဖြစ်လို့ပါ။"

"ဒါက ကျနော်တို့ အာဖရိကန်တွေ အလွှာတိုင်းမှာ အမြဲတမ်း နားမလည်ခဲ့တဲ့အရာဖြစ်တယ်။ ဒါ့ကြောင့်ပဲ ကျနော်တို့က သူများတွေရဲ့ နောက်ကွယ်မှာ ရှိနေဆဲဖြစ်တာပါ။"

ပြီးခဲ့တဲ့နှစ် မတိုင်ခင်ထိ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးပေါင်း ဘလွန်းဒီအော်ဆုကို (၁၀)ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။

ဒီကစားသမားနှစ်ယောက်ဟာ ဒီနှစ်မှာလည်း ဆန်ခါတင်စာရင်းထဲ အရွေးခံရပါတယ်။ ဒါ့ကြောင့် အီတူးအနေနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီကို ထပ်ပြီး ဆွတ်ခူးတာကို မြင်တွေ့မှာကို ဝမ်းသာနိုင်မလား။

"သူဟာ ထာဝရအကောင်းဆုံးကစားသမားဖြစ်တယ်။ ဖြတ်သန်းလာတဲ့တစ်လျှောက် သူ့ကို မြင်တွေ့ရပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့လို့ ကံကောင်းခဲ့တယ်။ "

"မက်ဆီက အရာအားလုံး လုပ်နိုင်တယ် ....  သူက ဘောလုံးလောကရဲ့ ဘုရားသခင်ပါ။ နောက်တစ်ကြိမ် ရမယ်ဆိုလည်း သူ့အတွက် ကျနော် ဝမ်းသာမိမှာပါ။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly