ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"အရှိန်ကြောင့် ၄၈နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်

ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"အရှိန်ကြောင့် ၄၈နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်
ဓာတ်ပုံ - မိုးဇလ

ရန်ကုန်၊ နိုဝင်ဘာ ၈ ။       ။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းမှ နောက်ထပ်(၄၈)နာရီအတွင်းပြည်နယ်(၂)ခုနှင့် တိုင်း(၃)ခုတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏က သတိပေးချက် ထုတ်ပြန်ထားသည်။

မိုးဇလ၏ နိုဝင်ဘာ ၈ရက် မနက် ၁၁ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအား ကောင်း သောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်"(BULBUL)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၅) မိုင်ခန့်နှင့် မောင်တောမြို့ (Maungdaw)၏ အနောက်တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

လတ်တလောအခြေအနေများအရ မုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားပြီး နောက်(၄၈) နာရီအတွင်း ခန့်မှန်း ချက်အရ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ စာဂါကျွန်း(Sagar Islands)နှင့် ခီပူပါရာမြို့(Khepupara)ကြားမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း ထားသည်။

မုန်တိုင်းကြောင့် နိုဝင်ဘာ ၈ရက် (ယနေ့) နံနက်မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား၊ နေပြည်တော်၊ တနင်္သာရီ တိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း  မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)၏ အရှိန် ကြောင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်း နီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွန့်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly