လူငယ်တွေရဲ့ စိတ်ခွန်အားနဲ့ လောကဓံရဲ့ တိုက်စားမှုဒဏ်

လူငယ်တွေရဲ့ စိတ်ခွန်အားနဲ့ လောကဓံရဲ့ တိုက်စားမှုဒဏ်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့ကြားထဲမှာမှ ခုလို ၂၁ ရာစု အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေဟာလည်း ဘဝအတွက် အနာဂတ်အတွက် အရာရာကို ရင်ဆိုင်နေပြီး လူကြီးတွေထက် ပိုများတဲ့ စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ဒါကလည်း လူငယ်တွေ စိတ်ခွန်အားနည်းမှုကြောင့် မဟုတ်ဘဲ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းရဲ့ နောက်မှာ လိုက်ပါစီးနင်းလာတဲ့ လူနေမှုပုံစံတွေကြောင့်ပဲလို့ ဆိုရမှာပါ။ အဲ့တော့ ဘယ်လိုလောကဓံနဲ့ လူမှုရေးရာပြဿနာတွေက ကျွန်တော်တို့လူငယ်တွေကို စိတ်ပင်ပန်း လူပင်ပန်းဖြစ်စေလဲဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင်။
၁။ နည်းပညာတွေရဲ့ လွှမ်းမိုးမှု

ဒီဘက်ခေတ်မှာ လူငယ်တိုင်းနီးပါး ဖုန်းတစ်လုံးကိုင်လာနိုင်တာကို သတိထားမိမှာပါ။ လူတိုင်းကြည့်လိုက်ရင် ကိုယ့်ဖုန်းကိုပဲ သဲကြီးမဲကြီးအသုံးပြုနေကြတယ်။ အရင်ခေတ်တွေကလို ကိုယ့်ခွန်အား၊ ကိုယ့်လက်နဲ့ လုပ်ကိုင်ရတာ၊ ရှာဖွေရတာမျိုး မရှိတော့ဘဲ ဖုန်းလေးကိုပဲ အလွယ်တကူ ပွတ်ပြီး ကိုယ်သိချင်တာတွေကို ရှာဖွေလေ့လာနေကြတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင်တော့ အချိန်ကုန် လူပင်ပန်းသက်သာတယ်၊ တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တက်စေတယ်၊ စိတ်ကူးဉာဏ်ထက်သန်စေတယ်။

မကောင်းတဲ့ဘက်ကနေ ကြည့်မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေတယ်၊ မျက်လုံးကို အမြဲအားစိုက်နေရတဲ့အခါ အမြင်အာရုံနဲ့ ဦးနှောက်အာရုံကြောတွေ ထိခိုက်ပြီး လူကိုအားအင်လျော့စေတယ်။ အင်တာနက်အပေါ် စွဲလမ်းလာတဲ့အခါ စကားလက်ဆုံကျ ပြောရတာမျိုးတွေ သိပ်မရှိတော့တဲ့အတွက် လူတစ်ဦးနဲ့ တစ်ဦး ဝေးသွားသလို ခံစားရစေပြီး အထီးကျန်စေတယ်၊ စိတ်ကျရောဂါ ဖြစ်ဖို့ ပိုလွယ်လာတယ်၊ အရင်ကထက် ပိုပြီးတော့လည်း အဖက်ဖက်ကနေ စိတ်ခံစားချက်တွေ ပိုလွယ်ကူလာနိုင်ပါတယ်။
၂။ အပြိုင်အဆိုင်များလာတဲ့ ၂၁ ရာစု

ကလေးဘဝတုန်းကလည်း စာနဲ့ပတ်သက်လို့၊ လုပ်ငန်းခွင်ဝင်တဲ့အရွယ်မှာ ရောက်ပြန်တော့လည်း တခြားသူတွေထက် ထိပ်ဆုံးနေရာကို အမြန်ရောက်ဖို့၊ ဝင်ငွေကောင်းနေဖို့၊ ကိုယ့်ရဲ့ အလုပ်နယ်ပယ်မှာ ပညာအရည်အချင်း ပြည့်ဝနေဖို့ဆိုပြီး လူငယ်တွေဟာ နေ့တိုင်းလိုလို အပြင်းအထန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရပါတယ်။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက လူကြီးမိဘတွေဟာ ကိုယ့်ကလေးနဲ့ပတ်သက်ပြီး ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ လျှောက်စေချင်တဲ့ လမ်းတွေ၊ ရွေးချယ်စေချင်တဲ့ အနာဂတ်တွေ သိပ်များပါတယ်။ ဒီတော့ မိဘရဲ့ လိုအင်ဆန္ဒကို မငြင်းဝံ့တဲ့ လူငယ်တွေခမျာ သူတို့မိဘတွေ ဂုဏ်တက်ရဖို့အရေး ပိုပြီးတော့ကို ကြိုးစားအားထုတ်နေကြရတာပါ။ အဲ့တော့ ကလေးဘဝ၊ လူငယ်ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရဖို့၊ ကိုယ့်အတွက် အားလပ်ချိန်၊ အနားယူချိန်တွေ ပေးဖို့ သိပ်စိတ်မဝင်စားတော့ဘဲ ဖြစ်သင့်တာတွေကိုပဲ ခေါင်းထဲမှာထားပြီး ဒါတွေကိုပဲ နေ့စဉ်နေ့တိုင်း လုပ်နေရတဲ့အခါ အလုပ်နဲ့ပတ်သက်ပြီး စွဲလမ်းစိတ်ဖြစ်တာ၊ စိတ်ပါဝင်စားမှု၊ ကြိုးစားလိုစိတ်နည်းလာတာ၊ စိတ်ဖိစီးမှုတွေ များသထက် များလာပြီး ဝန်ပိသလို ဖြစ်သွားစေနိုင်ပါတယ်။
၃။ ကုန်ကျစရိတ် မြင့်တက်လာမှု

၂၁ ရာစုလို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ အရာရာ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကို သတိထားမိမယ် ထင်ပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ တစ်နေ့တာအသုံးစရိတ်၊ တစ်လစာ ဝင်ငွေနဲ့ ထွက်ငွေ၊ မိသားစု စားဝတ်နေရေး စတဲ့ တာဝန်တွေ အကုန်လုံးက ကိုယ့်ပေါ် ကျလာတယ်၊ ဝင်ငွေနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ထွက်ငွေကို နည်းသထက် နည်းနိုင်ဖို့၊ ဝင်ငွေ များစေဖို့ အလုပ်တွေ တစ်ခုထက် ပိုပြီးလုပ်နေကြရတယ်။ ကျောင်း၊ တက္ကသိုလ်ပါ ဆက်မတက်တော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခွင်ထဲ ဝင်နေကြတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးပါပဲ။

နောက်တစ်ချက်ကတော့ လိုချင်တာတွေ များလာတာပါ။ ဒါကတော့ လူငယ်တွေကိုပဲ အပြစ်တင်လို့မရပါဘူး။ ဒီလိုမျိုး တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ဖုန်းအကောင်းစားတစ်လုံး ဈေးကွက်ထဲ ရောက်လာလို့ တစ်ယောက်ယောက်က ဝယ်သုံးပြလိုက်တယ်၊ အင်တာနက်ပေါ်ကို တင်လိုက်တယ်၊ ဒါကို ကြည့်ပြီးတော့ လူငယ်တွေရဲ့ စိတ်ထဲမှာ လိုချင်တဲ့ လောဘတွေ၊ မဝယ်နိုင်သေးတဲ့အခါ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ၊ ကိုယ်ဟာ တစ်ခြားသူတွေလောက် ဝင်ငွေ မပြည့်စုံလေခြင်း၊ ဒါမှမဟုတ်လည်း ကိုယ့်လစာနဲ့ မမျှတဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့ အစာငတ်ခံ၊ အလုပ်တွေ ဖိလုပ်တာမျိုးတွေ၊ ဒါတွေဟာ လူငယ်တွေရဲ့ စိတ်ခွန်အားကို ကောင်းကောင်းတိုက်စားပစ်နိုင်တဲ့ အရာတွေပါပဲ။
၄။ နေထိုင်မှုပုံစံ မှားယွင်းနေခြင်း

ခုခေတ်လူငယ်တွေက အရင်ကထက် ပိုပြီး အသစ်အဆန်းတွေကို စမ်းသပ်လာတယ်။ စိတ်ဖိစီးမှုတွေနဲ့ လုပ်ငန်းခွင်၊ နေ့စဉ်ဘဝ ဖိအားတွေကို ပြေလျော့စေဖို့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲရင်းကနေ စွဲလမ်းမှုတွေ ဖြစ်လာတယ်။ အသင့်စားအစားအစာတွေ၊ အဆီ၊ အချိုများတဲ့ အစားအစာတွေကို ပိုပြီး ကြိုက်နှစ်သက်လာတာကြောင့် အာဟာရပြတ်လပ်မှုတွေ ဖြစ်ပြီး ကျန်းမာရေး ထိခိုက်လာတယ်။

နေ့မအိပ် ညမအိပ် ဖုန်းအသုံးပြုတဲ့အခါ စိတ်ကျန်းမာရေးထိခိုက်လာတဲ့အပြင် မျက်စိအမြင်အာရုံနဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတယ်။ နေထိုင်မှုပုံစံကို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူမပြုတော့ ကြာလေ လူမောစိတ်မောဖြစ်ပြီး ဘာမှမလုပ်ရသေးဘဲ လူက နုံးချိပြီး အားမရှိသလိုတွေ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ လူငယ်တွေအနေနဲ့ နေထိုင်မှုပုံစံတွေကို အကောင်းဘက်သို့ ပြောင်းလဲဖို့၊ ကိုယ့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာဖြစ်ချင်လဲ၊ ဘယ်လိုနေရာရောက်ချင်တာလဲ စတာတွေကို သေချာအစီအစဉ်ချဖို့ လိုအပ်သလို ကိုယ့်ပျော်ရွှင်မှုကို အရင်ဆုံးဦးစားပေးဖို့နဲ့ ကိုယ့်စိတ်နဲ့ ခန္ဓာကို အနားပေးဖို့လည်း မမေ့သင့်ပါဘူးနော်။ ခေတ်ရေစီးကြောင်းဆိုတာ အမြဲတမ်းပြောင်းလဲနေမှာဖြစ်လို့ ဒီလိုပြောင်းလဲမှုနဲ့ အသားကျအောင် နေတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အားကစားလုပ်မယ်၊ အိပ်ချိန်မှန်အောင် ဂရုစိုက်မယ်၊ ကိုယ့်တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရကို မျှတအောင် ချင့်ချိန်စားသုံးမယ်ဆိုရင်တော့ လူငယ်တွေအတွက် အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly