ဘီပီအိုင် စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ကို ရုပ်သိမ်းပေးရန် လျှောက်ထားမှု ပယ်ချ

ဘီပီအိုင် စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ကို ရုပ်သိမ်းပေးရန် လျှောက်ထားမှု ပယ်ချ
ဒေါက်တာအောင်ကို အင်းစိန်တရားရုံးတွင် ရုံးထုတ်စဉ်။ ဓာတ်ပုံ - သူရ (မဇ္ဈိမ)

နိုဝင်ဘာ ၇၊ ရန်ကုန်။           ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နှင့် တရားရင်ဆိုင်နေရသည့်  BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ကို ရုပ်သိမ်းပေးရန်  လျှောက်ထားမှုအပေါ် တရားသူကြီးက ပယ် ချလိုက်ပြီး အမှုအား ဆက်လက်စစ်ဆေးခဲ့သည်။

အဆိုပါ အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်ရုံး တရားခွင် ၆ တွင်  စစ်ဆေးနေပြီး အောက်တိုဘာ ၃၀ ရက်နေ့က အမှု ရုပ်သိမ်းပေးရန်  လျှောက်ထားမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးထားသည့် အပေါ် ယနေ့ ကြားဖြတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ အမှုစစ်ဆေးရာတွင်  တရားလို ဖြစ်သူ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူ  ဦးဝင်းနိုင်အား   ဆက်လက်စစ်ဆေးခဲ့ပြီး ဒေါက်တာအောင်ဇော်၏  အာမခံ နှင့်နေထိုင်ခွင့် နှစ်ကြိမ်တိုင် လျှောက်လဲချက်ကို တရားသူကြီးက တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မပေးသေးဟု ဒေါက်တာအောင်ဇော် ဘက်မှ လိုက်ပါဆောင်ရွက်သူများက ဆိုသည်။

 ထူးခြားချက်အဖြစ် အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော ဥပဒေအကြံပေး ဦးခင်မောင်မြင့် ပါဝင်သော ဥပဒေ ပညာရှင် အဖွဲ့အား  ဒေါက်တာအောင်ဇော်၏  ဆန္ဒအရ  ရှေ့နေ ပါဝါရုပ်သိမ်းလိုက်သည်။

“  အာမခံနှင့်   ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၇ အရ လျှောက်ထားပါတယ်။ တရားရုံးကလည်း  ဒီအမှုကို ခိုင်မာမှုမရှိကြောင်း မပေါ်ပေါက်သေးဘူး။ ပေါ်ပေါက်အောင် စစ်ဆေးပြီးမှသာလျှင်  တရားရုံး စီရင်ထုံးအရ အာမခံ ပေးသင့်၊ မပေးသင့် ဆုံးဖြတ် ရမှာဖြစ်တဲ့အတွက် အာမခံ မပေးသေးဘူး။  အခု  တရားလို ဦးဝင်းနိုင်ကို ဆက်လက်စစ်ဆေးနေတယ်။ ထူးခြားတာတော့ ဒေါက်တာအောင်ဇော်ရဲ့ ဆန္ဒအရ  ကျွန်တော်တို့ မူလတာ ဝန် ယူထားတဲ့ ကျွန်တော့်အဖွဲ့က ရှေ့နေပါဝါရုပ်သိမ်းပေးပါတယ်။ အခု အဖွဲ့တစ်ဖွဲ့ကတော့ တာဝန်ယူနေပါတယ်။ အမှုစစ်ဆေးပြီးရင် တာဝန်ယူတဲ့အဖွဲ့က ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပါဝါရုပ်သိမ်းသွားပြီး ဖြစ်တဲ့အတွက် ဒီအမှုနဲ့ ပတ်သက်ပြီး ပြောဆိုပိုင်ခွင့် မရှိဘူး”ဟု ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က မီဒီယာများကို ပြောသည်။

ဒေါက်တာ အောင်ဇော်သည် ဆေးဝါးထုပ်ပိုး ပစ္စည်းများ  ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန် ကို လုပ်ထုံးလုပ်နည်းနှင့်  မညီဘဲ ဝယ်ယူသုံးစွဲခဲ့သည်ဟုဆိုကာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နှင့် စက်တင်ဘာ ၆ ရက်နေ့က အင်းစိန်မြို့မ ရဲစခန်းတွင်  အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly