ရခိုင့်တပ်မှဖမ်းဆီးထားသည်ဟုဆိုသောပလက်ဝဒေသခံ ၁၃ ဦးပျောက်ဆုံးနေ

ရခိုင့်တပ်မှဖမ်းဆီးထားသည်ဟုဆိုသောပလက်ဝဒေသခံ ၁၃ ဦးပျောက်ဆုံးနေ

ရန်ကုန်၊ နိုဝင်ဘာ ၇။         ။ ရခိုင့်တပ် (AA) မှ ဖမ်းဆီးထားသည်ဟုဆိုသော ပလက်ဝ ဒေသခံ ၁၃ ဦးမှာ ပြန်လွှတ် ပေးသည့်အထဲတွင် မပါဝင်သည့်အပြင် နေရပ်သို့လည်း ပြန်လည်မရောက်လာဘဲ ပျောက်ဆုံးနေသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ချင်းအရပ်ဖက်အဖွဲ့များမှ ပြောသည်။

AA အဖွဲ့၏ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် “ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ စစ်ဘက်နှင့် မသက်ဆိုင်သူ အားလုံးကို လေးသုတ်ခွဲကာ ပြန်လွှတ်ပေးလိုက်ပြီ” ဟုထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

“ အခုထိမလွတ်သေးဘူး။ မရှိတော့ဘူးဆိုတာက သေသွားပြီလို့ပြောတာလား။ အဲ့တာစဉ်းစားစရာပဲ ။ ဒေသမှာတော့ လွတ်ကိုမလွတ်လာသေးဘူးအဲ့ဒီ့လူတွေက ။ ဦးဝှေ့တင်းတစ်ယောက်ပဲကျန်တယ်ဆိုတော့ တအား စဉ်းစားစရာဖြစ်သွားပြီ ” ဟုဆို ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က မဇ္ဈိမသို့ ပြောသည်။

ထို့ကြောင့် ရခိုင့်တပ် (AA) သို့ဆက်သွယ်ကြည့်ရာ ၎င်းတို့အနေဖြင့်ဖမ်းဆီးစစ်ဆေးနေသည့် အရပ်သားအားလုံးကို (လုံးဝ) လွှတ်ပေးလိုက် ပြီဟုဆိုသည်။

“ ချင်းပြည်နယ်အစိုးရကပြောတာက စွပ်စွဲချက်ပဲဖြစ်ပါတယ်။ အဲ့ဒီ့ကိစ္စတွေက ကျွန်တော်တို့နဲ့ ဘာမှပက်သက်မှုမရှိပါဘူး။ လူတွေပျောက်တဲ့ ကိစ္စက ရခိုင်ဘက်မှာလည်းရှိတာပဲ။ တစ်ခုရှိတာက စစ်တပ်က ဖမ်းလို့ရှိရင်တော့ ဘယ်တော့မှပွင့်လင်းမြင်သာမှုမရှိဘူး။ အဲ့လိုပျောက် နေတာကတော့ ကျွန်တော်တို့နဲ့မပက်သက်ဘူး။ စစ်တပ်ကလုပ်တာပဲဖြစ်ပါလိမ့်မယ်” ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝဘက်တွင် အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရခိုင့်တပ် (AA) တို့ နှစ်ဖွဲ့သာလှုပ်ရှားသွားလာမှုရှိသည့် နယ်မြေလည်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို  မဇ္ဈိမ သတင်းထောက်မှ ဆက်သွယ်မေးမြန်းရာ “ တပ်မတော်ကနေသာ ဖမ်းဆီးသွားမယ်ဆို ဘယ်သူမှမနေဘူး။ ချင်းလူမှုအဖွဲ့တွေကလည်းနေမှာမဟုတ်ဘူး အကုန်လုံးက ဝိုင်းအော်မှာပဲ။ ဖမ်းဆီးတာတောင်မဟုတ်ဘူး အခကြေးငွေပေးပြီး တပ်ကရိက္ခာတွေသယ်ဖို့ သူတို့လည်းကြေနပ်ပါတယ်။ အဲ့လို အကူအညီတောင်း တာ တောင် လက်မခံကြဘူး။ ဖမ်းရင်ပိုဆိုးတာပေါ့ဗျာ” ဟု ပြန်လည်ဖြေကြားသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ဖူး သော်လည်း ပလက်ဝဒေသတွင် ထိုသို့စစ်ဆေးမှုမျိုး လုံးဝ မရှိသေးကြောင်း လည်း ၎င်းကပြောသည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်းလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးသွားသော ပလပ်ဝမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှရွာသား ၁၃ ဦးမှာ အသက်ရှင်၊ မရှင် မသိရဘဲ ပျောက်ဆုံးနေသည့်အနေအထားဖြစ်သည်။

နောက်ဆုံးအဖမ်းခံရသူမှာ သဲဝကျေးရွာအုပ်စုမှ အရပ်သားတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် စစ်ဆေးရန်ရှိသည်ဟုဆိုကာ AAအဖွဲ့မှ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း ချင်းလူ့အခွင့်အရေးအဖွဲ့များက ပြောဆိုသည်။

“ အဖမ်းခံရသူအားလုံးက သာမန်လူ အရပ်သားတွေပဲ။ သတင်းကတော့ ဒေသခံတွေကနေ တစ်ဆင့် ရတာလည်းရှိတယ်။ စရင်းကောက် ယူသူတွေလည်းရှိတယ်။ သူတို့ဆီကနေရတဲ့ သတင်းအချက်အလက်က AA ကနေဖမ်းသွားတာပဲ” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ သတင်း အချက်အလက်ကောက်ယူရေးတာဝန်ခံ ဆလိုင်းတေရက ပြောသည်။

ဖမ်းဆီးခံရသူအားလုံးမှာ သာမန်လယ်ယာ စိုက်ပျိုးသူများနှင့် အရပ်သားများဖြစ်ယုံသာမက အစိုးရ၊ တပ်မတော်နှင့်လည်း ပက်သက်မှုမရှိကြသူများ ဖြစ်သည်ဟုသိထားရကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ပလပ်ဝမြို့နယ်အတွင်းရှိ ခမောင်းဝရွာမှ ရခိုင်တိုင်းရင်းသား ၆၉ ဦးနှင့် သီးခြားနေရာများမှ ချင်းတိုင်းရင်းသား ၁၃ ဦးပါအဝင်  (၈၂) ဦး၏ အခြေအနေမှာ ယခုအချိန်အထိ အတိအကျ သတင်းမသိရသေးကြောင်း ချင်းပြည်နယ်စည်ပင်ဝန်ကြီးကဆိုသည်။

သတင်းအချက်အလက် ပျောက်ဆုံးနေသည့် ချင်းတိုင်းရင်းသား ၁၃ဦးနှင့် ပတ်သက်ပြီး အသက်အန္တရာယ် ကို စိုးရိမ်ကြောင်း ချင်းလူ့အခွင့်ရေး အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ချင်းဒေသခံ ၄၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်များအဖြစ်သို့ရောက်ရှိနေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly