လက်နက်အားကိုးနှင့် အာဏာသိမ်းခဲ့ခြင်းဆိုသည့်စကားရပ် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တောင်းဆို

လက်နက်အားကိုးနှင့် အာဏာသိမ်းခဲ့ခြင်းဆိုသည့်စကားရပ် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တောင်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၇။       ။ ဒီပဲယင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် မေးမြန်းခဲ့သည့် မေးခွန်းတွင် တပ်မတော်က လက်နက်အားကိုးနှင့် အာဏာသိမ်းခဲ့ခြင်း ဆိုသည့် စကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက တောင်းဆိုခဲ့သည်။

နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပသည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  “တောင်သူ လယ်သမားများအတွက် တောင်သူ လယ်သမားနေ့အဖြစ် မတ်လ  ၂ ရက်နေ့ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှ နယ်ချဲ့ အစိုးရအား ဆရာစံဦးဆောင်ပြီး တောင်သူလယ်သမားများ ကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ”  ဟု ဦးဝင်းမြင့်အောင်က မေးမြန်းရာတွင်  “ မတ်လ ၂ ရက်နေ့က တပ်မတော်က   နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့နေ့ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ခြင်းကြောင့် တပ်ကိုယ်စားလှယ်က ကန့်ကွက်ခြင်း ဖြစ်သည်။

 “တောင်သူ လယ်သမားများ မျိုးစပါး ဝမ်းစာ စပါးပါ မကျန် မြေသိမ်းခံရပြီး ဆင်းရဲမွဲတေခြင်းဒဏ်ကို ခါးစီး ခံရဖို့ အကြောင်းဖန်လာသည့် အာဏာရှင်မျိုးဆက်တို့၏ မွေးနေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေးစံတန်ဖိုးအရ အနှစ်သာရ ကင်းမဲ့သည့်အတွက်  ပြည်သူ့အစိုးရ အနေဖြင့် ဖျက်သိမ်း ပြစ်ရန် နှောင့်နှေး ကြန့်ကြာမနေသင့်ကြောင်း” လည်း ဦးဝင်းမြင့်အောင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ မေးခွန်းမေးမြန်းရာမှာ  မိမိ၏ အမြင်နှင့် မခိုင်လုံသည့်အကြောင်းအရာများကို ထည့်သွင်းမေးမြန်းခွင့်ပြုထားြခင်းမရှိကြောင်းနှင့်  ကိုယ်စားလှယ်၏မေးခွန်းတွင် အဆိုပါ အခြေအနေများကို သုံးသပ်တင်ပြသွားသည်ကို တွေ့ရသည်ဟု ဦးဝင်းမြင့်အောင်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး  ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းကပြောသည် ။

 “ ကျွန်တော်တို့နားလည်လိုက်တာကတော့ တပ်မတော်ဟာ လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ စကားလုံးပါပါတယ်။ ဒါဟာအဲ့ဒီခေတ်အဲ့ဒီအခြေအနေတွေမှာရှိတဲ့ သမိုင်းဆိုင်ရာအချက်အလက် ၊သမိုင်းဆိုင်ရာ ဖော်ပြချက်၊ သမိုင်းဆိုင်ရာအခြေအနေတွေဟာ ပြန်ပြီးလေ့လာရင်သိနိုင်မှာဖြစ်ပါတယ်” ၎င်းကပြောသည်။

ယနေ့ကာလသည် အမျိုးသားရင်ကြားစေ့ရေးကို သွားနေသည့် ကာလဖြစ်သည့်အတွက် ကိုယ်စားလှယ်များ၏ အသုံးအနှုန်းသည် သင့်တော်၊ မသင့်တော်ဆိုသည်ကို သုံးသပ်ဆင်ခြင် စေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့ပြီး တပ်မမတော်သား ကိုယ်စားလှယ် ကန့်ကွက်သည့် စကားရပ်နှင့် ပတ်သက်ပြီး လွှတ်တော်မှတ်တမ်း ပယ်ဖျက်ပေးခဲ့သည်။

၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့သည် ပြည်သူလူထုက ရွေးချယ်တင်မြှေက်သော ပြည်သူ့အစိုးရ၊ ပြည်သူ့လွှတ်တော်၊ လူမျိုးစု လွှတ်တော်များကို ဖျက်သိမ်းသောနေ့ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုံးရှုံးသောနြေ့ဖစ်ကြောင်း၊ အာဏာရှင်အောက်  ကျောင်းသား ပြည်သူများ ပြားပြားမှောက်ရသော နေ့ဖြစ်ကြောင်း  ဦးဝင်းမြင့်အောင်က သူ၏ မေးခွန်းတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required