အပစ်ရပ် ဆွေးနွေးပွဲအပေါ် အစိုးရ ဘယ်လို စဉ်းစားလာသလဲ

အပစ်ရပ် ဆွေးနွေးပွဲအပေါ် အစိုးရ ဘယ်လို စဉ်းစားလာသလဲ
 မြောက်ပိုင်းလေးဖွဲ့နဲ့ NRPC ကျိုင်းတုံမြို့မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က အပစ်ရပ်စဲရေးဆွေးနွေးနေစဉ်။ဓာတ်ပုံ -  NRPC (fb)

နိုဝင်ဘာ ၇ ။                 ။ နိုင်ငံတော် အစိုးရသည် ရက္ခိုင်တပ်(AA)အနေဖြင့် ဖမ်းထားသူများကို ပြန်မလွှတ်ပါက ပဏာမ အပစ် အခတ် ရပ်စဲရေးစာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေးမှုအား မလုပ်ရန် စဉ်းစားမှုများ ရှိလာနေသည်ဟု အစိုးရနှင့် နီးစပ်သူထံက စုံစမ်း သိရှိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ(MNTJP/MNDAA)၊ AA တို့ ပါဝင်သည့် မြောက်ပိုင်းလေးဖွဲ့နှင့် အစိုးရ-တပ်မတော်တို့ ပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC )တို့ အပစ် ရပ်စဲနိုင်ရေး ဆွေးနွေးညှိနှိုင်း လျက်ရှိနေကြသည်။

သို့သော် အစိုးရဘက်က AA အနေဖြင့် ဖမ်းဆီးထားသည့် အရပ်သားများ ပြန်လွှတ်ပေးမှ Bilateral ဆွေးနွေးပွဲ ကို လုပ်သွားရန် စဉ်းစားနေမှုများ ရှိလာကြောင်း၊ AA က ဖမ်းထားသူများ ပြန်မလွှတ်ပါက တွေ့ဆုံ ဆွေးနွေးရန် အတွက် အတားအဆီး ဖြစ်လာနိုင်ကြောင်း အစိုးရနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ အခု AA က သူတို့ ဖမ်းထားတဲ့သူတွေ မလွှတ်ဘူး၊ အဲဒီလူတွေ ပြန်မလွှတ်သေးရင် အစိုးရက တွေ့ဖို့ မရှိဘူးလို့ ကြားတယ်၊သူတို့ပို့တဲ့ အဆိုပြုချက် မူကြမ်းမှာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရမယ်ဆိုပြီးပါပါ တယ်လို့ သိရတယ်။အဲလို ပါတာနဲ့အညီ သူတို့က လူတွေဖမ်းနေတော့ အစိုးရဘက်က  ဒီယုန်မြင်လို့ ဒီခြုံ ထွင် တာလို့ မြင်လာတယ်၊ ဒါကြောင့် သူတို့ ဖမ်းထားတဲ့သူတွေ မလွှတ်မချင်း မဆွေးနွေးဘူးလို့ ကြားတယ်”ဟု ပြော သည်

Bilateral ဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ

မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် သို့မဟုတ် ၁၀ ရက်နေ့မှာ ကျင်းပရန် ညှိနှိုင်းနေကြောင်း၊ သို့သော်လည်း နေရာ နှင့် ရက်အတိအကျ မဆွေးနွေးနိုင်သေးဘူးဟု နှစ်ဖက်ကြား စေ့စပ်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်က  မြောက်ပိုင်းလေးဖွဲ့နဲ့ အပစ်ရပ်စဲရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် NRPC မှ ကိုယ်စားလှယ်များ။ ဓာတ်ပုံ -  NRPC (fb)

“ အခု ညှိနှိုင်းနေတုန်းပဲ နေရာ ဘယ်မှာ လုပ်မယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ရက်ကတော့ ၅ ရက် သို့မဟုတ် ၁၀ ရက်လို့ ပြောထားတယ်။ ဒါပေမယ့် အတိအကျ မသိသေးဘူး”ဟု ပြောသည်။

ထို့နောက် ဦးလမိုင်ဂွန်ဂျာက AA အနေဖြင့် ဖမ်းထားသူများကို ပြန်မလွှတ်ပါက ဆွေးနွေးပွဲ မလုပ်သေးရန် အစိုးရဘက်က အမှန်တကယ် စဉ်းစားမှုရှိနေပါက ပိုမို တင်းမာလာနိုင်ကြောင်း၊ မတွေ့တာထက် တွေ့ဆုံ ဆွေးနွေးနေခြင်းက ပိုမိုကောင်းမွန်ကြောင်း၊ အစိုးရအနေဖြင့် အဲလို ရပ်တည်မှုကို တစ်ဖက်သတ် လုပ်လိမ့်မည်ဟု လည်း မထင်ကြောင်း မဇ္စျိမသို့ ပြောသည်။

မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ နိုဝင်ဘာလထဲမှာ တွေ့ဆုံနိုင်ရေး ဆွေးနွေးနေရာ မြောက်ပိုင်းလေးဖွဲ့ဘက်က မန်စီ သို့မဟုတ် ရွှေလီ (တရုတ်နိုင်ငံ)ထဲမှာ ကျင်းပရန် အဆိုပြုထားသည့်အပေါ် အစိုးရဘက်က မဖြစ်နိုင် ကြောင်း ပြန်လည် ပြောထားသည်ဟုလည်း အစိုးရနှင့်နီးစပ်သူထံက သိရသည်။

ဆွေးနွေးပွဲကို ဘယ်လိုအခြေအနေမှ အစိုးရက လုပ်ချင်တာလဲ

အစိုးရနှင့် နီးစပ်သူ တစ်ဦးက “ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းတယ်ဆိုတာ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု အောက် မှာပဲ လုပ်လို့ ကောင်းတာပါ။ဥပမာ- ယခင် ကျိုင်းတုံ ဆွေးနွေးပွဲ လုပ်တဲ့နေ့မှာပဲ ကွတ်ခိုင်မှာ ဝင်ပစ်လိုက်တာမျိုး ကြောင့် အစိုးရဘက်က ခံစားချက် မကောင်းတော့ ရလဒ်မကောင်းခဲ့ဘူးလေ၊ အခုလည်း မဆိုင်တဲ့လူတွေ ဖမ်း နေတဲ့ အခြေအနေမျိုးမှာ မတွေ့တာကမှ ကောင်းဦးမယ်လို့ အစိုးရက မြင်နေတယ်၊ ဆွေးနွေးပွဲ ဖြစ်ဖို့ဆိုရင် AA က ဖမ်းထားတဲ့ လူတွေပြန်လွှတ်ပေးမှ ဆွေးနွေးမယ်လို့ အစိုးရဘက်က စဉ်းစားမှုရှိနေတယ်”ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်က  မြောက်ပိုင်းလေးဖွဲ့နဲ့ အပစ်ရပ်စဲရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ရက္ခိုတပ်(AA)မှ ကိုယ်စားလှယ်များ။ ဓာတ်ပုံ -  NRPC (fb)

မြောက်ပိုင်းလေးဖွဲ့နှင့် NRPC မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က Bilateral စာချုပ်ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ လကုန်မှာ ထပ်မံဆွေးနွေး သဘောတူညီခဲ့ကြသော်လည်း ယနေ့ ချိန်ထိ မတွေ့နိုင်သေးပေ။

တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက “နှစ်ဖက်စလုံးကတော့ အရပ်သားတွေကို ဖမ်းဆီး နေတာ တွေ ရှိတာပဲ။ လူတွေ ဖမ်းထားတာ ပြန်လွှတ်ဖို့ကိစ္စက ဆွေးနွေးပွဲမှာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။ ကြိုတင် စည်းကမ်းချက်တွေ ထုတ်ပြီး လုပ်မယ်ဆိုရင် ဆွေးနွေးပွဲက အဆင်မပြေ နိုင်ဘူး၊ ဒါကြောင့် တွေ့ဆုံ ဆွေးနွေး ရင်နဲ့ ဖြေရှင်းသင့်တယ်၊ ”ဟု ပြောသည်။

အစိုးရနှင့် နီးစပ်သူ တစ်ဦးကတော့ အစိုးရအနေဖြင့် AA နှင့် ပတ်သက်သူများကို ဖမ်းထားခြင်းက ဥပဒေဖြင့် ညှိစွန်းနေသူများကို ဖမ်းထားခြင်းသာ ဖြစ်ကြောင်း၊ AA က အစိုးရထံ ပေးပို့ထားသည့် Bilateral စာချုပ် မူကြမ်းတွင် AA နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုကို မလုပ်ရန်နှင့် ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် ဆိုသည့် အချက်ပါဝင်ကြောင်း၊ သို့သော် AA က အရပ်သားများကို ဖမ်းဆီးနေခြင်းက မကိုက်ညီကြောင်းပဲ ဖြစ်နေခြင်းကြောင့် ဖမ်းထားသူများ မလွှတ်ပါက ဆွေးနွေးမှု မလုပ်ရန် စဉ်းစားလာခြင်း ဖြစ်နိုင်ကြောင်း ဆို သည်။

အထက်ပါ အခြေအနေ အားလုံးနှင့် ပတ်သက်ပြီး AA မှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို  မဇ္စျိမက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

AA က ဖမ်းဆီးထားသော အရပ်သားများ အခြေအနေ

AA ကတော့ ပထမအသုတ် အနေဖြင့် “ဆုထူးစံကုမ္ပဏီ”နှင့် နန်းမှန်သစ္စာကုမ္ပဏီ”မှ ဝန်ထမ်း ၉ ဦးကိုလည်း ကောင်း၊ ဒုတိယအသုတ် အနေဖြင့် “ရွှေပြည်သစ်” Express ကားပေါ်တွင် စီးနင်းလိုက်ပါလာသော သူများထဲမှ စစ်ဆေးရန် ခေါ်လာသူများအနက် (၁၂)ဦးကို လည်းကောင်း၊ တတိယအသုတ် အနေဖြင့် “ရွှေနဒီ” လူစီး အမြန် ရေယာဉ်ပေါ်၌ လိုက်ပါလာ သော ခရီးသည်များထဲမှ ခေါ်ယူစစ်ဆေးရန် ဖမ်းထားသူများထဲမှ ကျန်သည့် အရပ် သား ၂၅ ဦးကိုလည်းကောင်း  အသုတ်လိုက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်နေ့ စွဲဖြင့် ထုတ် ပြန်ခဲ့သည်။

ထို့နောက် စတုတ္ထအသုတ် အနေဖြင့် ရွှေပြည်သစ် Express ကားပေါ်မှ စစ်ဆေးရန် ခေါ်ယူထားခဲ့သူများထဲမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း AA ၏ ထုတ်ချက်ထဲမှာ ဖော်ပြထားသည်။

အပစ်ရပ် ဆွေးနွေးပွဲ အပြီး မြောက်ပိုင်းလေးဖွဲ့နှင့် NRPC ကိုယ်စားလှယ်များ ညစာအတူစားနေကြစဉ်။ ဓာတ်ပုံ -  NRPC (fb)

AA က “ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့မှစ၍ ဦးဝှေ့တင်း တစ်ဦးမှလွဲ၍ အခြားသော အရပ်သား သုံ့ပန်း တစ်ဦး တစ်ယောက်မျှ မရှိတော့ပါကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်”ဟု နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့ သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ စည်ပင်- လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က“ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စပြီး ယနေ့ချိန်ထိဆိုလျှင် AA က ပလက်ဝမြို့နယ်ထဲက ဒေသခံ ၈၂ ဦးကို ဖမ်း ထားတာ အခုထိ မလွှတ်ပေး သေးဘူး၊ သူတို့ ပြန်မရောက်လာသေးဘူး၊ အဲဒီ ၈၂ ဦးထဲမှာ ခမောင်းဝရွာက ရခိုင် တိုင်းရင်းသား ၆၉ ဦးပါ တယ်၊ ကျန်တဲ့လူတွေက လေးမြို့ချောင်းနဲ့ နှမဒါကျေးရွာက ချင်းတိုင်းရင်းသားတွေ ဖြစ် တယ်။ အခု သူတို့ အရပ်သား တစ်ယောက်မှ မရှိတော့ဘူးပြောတော့ ပလက်ဝဒေသက ၈၂ ဦးက ဘယ် ရောက် သွားတာလဲ သူတို့ သတ်လိုက်တာလား”ဟု ပြောသည်။

ဦးဝှေ့တင်းဆိုသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမှတ် (၁၁) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က နေပြည်တော်တွင် လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ပလက်ဝမှ Speed Boat (အမြန်ရေယာဉ်ငယ်အသေး) ၂ စီးဖြင့် ကုလားတန်မြစ် စီမံကိန်းအတွက် လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသား ၅ ဦး၊ ဘာသာပြန် ၂ ဦး၊ Speed Boat မောင်းသူ ၂ ဦးတို့နှင့်အတူ AA က ပလက်ဝနှင့်ကျောက်တော်ကြားအရောက်မှာ ဖမ်းဆီးသွားခြင်း ခံခဲ့ရသူ ဖြစ်သည်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံသား ၅ ဦး၊ ဘာသာပြန် ၂ ဦး၊ Speed Boat (အမြန်ရေယာဉ်ငယ်)မောင်းသူ ၂ ဦး တို့ နိုဝင်ဘာ ၄ ရက်နေ့က ပြန်လွှတ်လာသော်လည်း ဦးဝှေ့တင်းကို ဖမ်းထားဆဲဖြစ်သလို ပြန်လွှတ်လာသူများ ထဲမှ အိန္ဒိယနိုင်ငံသား မစ္စတာဗီနူးဂိုလ်ပဲဆိုသည့် အသက် ၆၀ အရွယ်ရှိသူ တစ်ဦးမှာ နှလုံးရပ်ကာ သေဆုံးခဲ့ သည်။

အစိုးရဖက်က ဘယ်သူတွေကို ဖမ်းထားလဲ

လက်ရှိတွင် အစိုးရဘက်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါ အဝင် ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန် အပါ ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့ဝင် ၆ ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ငွေအတု ပြုလုပ်မှုနှင့် AA ကို ငွေကြေးထောက်ပံ့နေခြင်းတို့ကြောင့် စင်္ကာပူ အစိုးရက နိုင်ငံက နှင်ထုတ်လိုက်အပြီး ရန်ကုန်ပြန်ရောက်လာချိန်မှာ အစိုးရဖက်က ဖမ်းဆီးခဲ့သည်။

၎င်းတို့ကို အကြမ်းဖက် တိုက်ဖက်ရေးဥပဒေပုဒ်မ ၅၂ (က)နှင့် ပုဒ်မ ၅၀ (ည)တို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထို့နောက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖ တော်စပ်သူ ကိုကျော်နိုင်တို့အား ၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက် တိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

အဆိုပါ အခြေအနေများကို လွှမ်းခြုံကြည့်လျှင် အစိုးရသည် ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ဆွေးနွေးပွဲကို AA မှ ဖမ်းဆီးထားသည့် လူများ မလွှတ်ပေးပါက ဆွေးနွေးပွဲအား လာမည့် အခြေအနေ မပေါ် ပေ။

ဤသို့ဆိုလျှင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသည် ကြန့်ကြာသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် အချိန်နှင့် နေရာတွင် တွေ့ဆုံမည်ဆိုသော အခြေအနေတောင် ညှိနှိုင်းရ ခက်ခဲနေခြင်းနှင့် အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့ကြား Bilateral စာချုပ် မူကြမ်းများပါ အချက်အလတ်များလည်း ဆက်လက် ညှိနှိုင်းရန် လိုနေခြင်းကြောင့် Bilateral ထိုးနိုင်သည့် အခြေအနေမှာ အလှမ်းဝေးနေအုံးမည်။

ထို့ကြောင့် နှစ်ဖက် တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ အလျှော့အတင်း လုပ်ကာ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကို ကြိုးပမ်းကြမလဲဆိုတာ စောင့်ကြည့်ရပေတော့မည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly