နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များပြသမည်

နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များပြသမည်

နိုဝင်ဘာ ၇၊ ရန်ကုန် ။       ။ ၇ ကြိမ်မြောက် Memory ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့နေရာအသီးသီးတွင် ဆယ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ဖေးလမ်းကြားတွင် မြန်မာခေတ်ဟောင်းရုပ်ရှင်များ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်မတို့ နှစ်တိုင်း၊ နှစ်တိုင်း တစ်ကားတစ်ကားစီကို ကူးပါတယ်။ ဒါဟာ ဇာတ်ကားတွေကို စုတာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်နှစ်တစ်ရာပြည့်မှာ ပြနိုင်အောင်ပါ။ ဒီနှစ်ကတော့ မှုံရွှေရည်ကို ပြပါမယ်။ မှုံရွှေရည်မှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်နောက်ခံတေးဂီတများကို တီးတဲ့ပုံစံအသစ်တစ်ခုကို  ဦးကိုကိုက ထွင်တာဖြစ်ပါတယ်။ ဦးကိုကိုရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကားကို ပြချင်တာပါ" ဟု ပွဲတော်၏ နာယက ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

ပြန်လည်ပြုပြင်ထားသော ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ရန်ကုန်မြို့နောက်ဖေးလမ်းကြားတွင် မြန်မာ့ရုပ်ရှင်ရွှေခေတ်၏ ရုပ်ရှင်များကို နံရံပန်းချီများ ရေးဆွဲပုံဖော်ထားပြီး  မှုံရွှေရည်၊ အဖေတစ်ခုသားတစ်ခု၊ ပျို့ချစ်လင် စသည့် မြန်မာခေတ်ဟောင်းရုပ်ရှင်များကို "လမ်းမထက်က Memory ရုပ်ရှင်ပွဲတော်" အမည်ဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မှာတော့ ဥရောပသမဂ္ဂအနေနဲ့ ဒီ Memory Film ပွဲတော်ကို ပံ့ပိုးကူညီရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဓိကကတော့ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကြားထဲမှာ ပေါင်းကူးတံတားသဖွယ် တည်ဆောက်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဒီရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်တွေဟာ မြန်မာနိုင်ငံမှာ  ပထမဆုံးအကြိမ်ပြသတဲ့ ကားတွေဖြစ်ပြီးတော့ မကြည့်ဖူးသေးတဲ့ကားတွေကို ပထမဆုံးအကြိမ်ကြည့်ရှုရမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဥရောပကိုယ်စားလှယ် သံအမတ်ကြီး H.E.Mr. Kristian Schmidt က ပြောသည်။

၂၀၁၉ နှစ်အတွက် Memory ရုပ်ရှင်ပွဲတော်တွင် ပြသမည့်ရုပ်ရှင်များကို ၁၈ ကားအထိမြန်မာစာတန်းထိုးပြသသွားမည်ဖြစ်ပြီး မြန်မာခေတ်ဟောင်းရုပ်ရှင်၊ နိုင်ငံတကာရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်အပြင် ကာတွန်းကားများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကို ပြသသွားမည့် Memory ရုပ်ရှင်ပွဲတော်ကို ၀ဇီရာရုပ်ရှင်ရုံ၊ မဟာဗန္ဓုလပန်းခြံနှင့် နောက်ဖေးလမ်းကြားနေရာများတွင် ပြုလုပ်ပြသသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly