ပြည်သူချစ်တဲ့ တပ်မတော်ပြန်ဖြစ်ဖို့ ပြည်သူချစ်သူကိုသာ ထောက်ခံကြရန် ဒုဗိုလ်မှူးကြီး(ငြိမ်း) တိုက်တွန်း

ပြည်သူချစ်တဲ့ တပ်မတော်ပြန်ဖြစ်ဖို့ ပြည်သူချစ်သူကိုသာ ထောက်ခံကြရန် ဒုဗိုလ်မှူးကြီး(ငြိမ်း) တိုက်တွန်း

တပ်မတော်တွင် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီး ရာထူးမှ အနားယူခဲ့သူ ဦးကျော်ဇေယျသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဒု ဗိုလ်မှူးကြီးနှင့် မဇ္ဈိမတို့ တွေ့ဆုံ မေးမြန်းမှုတွင် ပြည်သူချစ်တဲ့ တပ်မတော် ပြန်ဖြစ်ဖို့ ပြည်သူချစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြရန် တပ်မတော်သားများကို တိုက်တွန်းခဲ့သည်။

မဇ္ဈိမနှင့် အင်တာဗျူးတွင် တပ်မတော်သားဘဝ အတွေ့အကြုံနှင့် ယခု ၂၀၁၅ တွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အမတ်လောင်းဘဝ ကွာခြားပုံတို့ကိုလည်း ပြောဆိုခဲ့သည်။

“၈၈ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ကို ဝေးကွားသွားတယ်ပေ့ါနော်။ ဝေးကွားနေတဲ့ဟာကို ကျွန်တော့်အနေနဲ့က စိတ်ထဲမှာလည်း မကောင်းပါဘူး။ ကျွန်တော်ပြောချင်တာက ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြည်သူလူထု ချစ်နေတဲ့ ခေါင်းဆောင်ကို ထောက်ခံမှ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မယ်” လို့ သူက ဆိုခဲ့သည်။

သူ၏ လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကိုလည်း အယူအဆချင်း မတူဟုဆိုကာ မည်သူ့အယူအဆက မှန်သည်ကို နိုဝင်ဘာ ၈ ရက်တွင် သိရမည်ဟုဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် “တပ်မတော်သားတွေ ကိုလည်းပဲ ဒါလျှို့ဝှက်စွားနဲ့ မဲဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့လူကို ရဲရဲဝံ့ဝံ့မဲပေးပါ” ဟု တိုက်တွန်းသွားခဲ့သည်။ ယခုတွေ့ဆုံမေးမြန်းမှုသည် ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းကို ဆက်လက် တင်ပြပါမည်။

ကျွန်တော်တို့ အင်တာဗျူးမှာ ပထမပိုင်းမှာ ဆရာပြောခဲ့တာ ရှိတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ဒါ လွှတ်တော်ထဲကို ဝင်ရောက်ခြင်း ဖြစ်တယ်။ ဆရာကလည်း တပ်မတော်က အငြိမ်းစား ယူခဲ့သူဆိုတော့ တပ်မတော်သား လုပ်ဖော်ကိုင်ဖက် အချင်းချင်းကနေပြီးတော့ ဆရာကိုဘာတွေများ ထင်မြင်ချက် ပေးကြပါသလဲ။

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထဲမှာ ကျွန်တော်တို့ တစ်ပါတ်စဉ်ထဲ အရာရှိတွေ အများကြီး ပါပါတယ်။ အမျိုးသား လွတ်တော်မှာကော ပြည်သူ့ လွတ်တော်မှာကော အယူအဆကတော့ မတူကြဘူးပေ့ါ။ ကျွန်တော် ဝင်ပြိုင်မယ် သေချာပြီလို့ ထုတ်လိုက်တဲ့အချိန်မှာ ကျွန်တော်က ရေးလိုက်တယ်။ ကျွန်တော်ဝင်ပြိုင်မယ် ကျွန်တော် ဒုတိယ ဗိုလ်မှူးကြီး ကျော်ဇေယျ (ငြိမ်း) ပေါ့။ ဦးကျော်ဇေယျ ဒဂုံမြို့နယ်ကနေ ပြိုင်မယ်ပေါ့။

ကျွန်တော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပဲ ပြည်သူ့တပ်မတော်ပေ့ါ ပြည်သူ့ တပ်မတော်ကြီးက ပြည်သူလူထု ယုံကြည်ကိုးစား လေးစားရတဲ့၊ ယုံကြည်အားကိုး လေးစားရတဲ့ တပ်မတော်ကြီးဖြစ်အောင် အနှစ်သာရအားဖြင့် ပြည်သူချစ်တဲ့ တပ်မတော်စစ်စစ် ဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံးလုပ်မယ်ဆိုပြီး ကျွန်တော်ကနေ တင်လိုက်တာ ပေ့ါနော်။

ဒေါက်တာဆိတ်ဖွားကစပြီး နှိပ်တော့တာဘဲ။ ဟာဒီကောင် ဒီအသံပြောင်းသွားပြီ အရင်တုန်းက စီးပွားရေး ဦးပိုင်ဘက်မှာ ဒါရိုင်တာ အလုပ်လုပ်ရတော့ ဒီလေသံ မဟုတ်ပါဘူး။ စီးပွားရေး ဦးပိုင်မှာကြီးပဲ ထုံးစံအတိုင်းပေ့ါဗျား ကျွန်တော့်ကို မိန်းမ ပွေတယ်ပေါ့။ ရှုပ်တယ်ပေါ့ အဲ့ဒါမျိုး တွေပေ့ါ။

နောက် စီးပွားရေး ဦးပိုင်မှာ ကျွန်တော်က အစုရှယ်ရာဌာနမှာ ရှယ်ရာငွေတွေကို ဘုန်းပြီးတော့ ဦးကျော်ဇေယျ သူဌေးဖြစ်ပြီး ထွက်သွားတယ်။ သူအဲဒါမျိုး ပစ်ထည့် လိုက်တာပေ့ါ။ ပြီးတော့ ကျွန်တော်ကလည်း အဲဒါမင်းမှားနေပြီ သတင်းအချက် အလက်တွေ မှားနေပြီး မင်း စီးပွားရေးဦးပိုင်မှာ ဦးကျော်ဇေယျအကြောင်း စီးပွားဦးပိုင် ဆိုတာ ရန်ကုန် ဗိုလ်တစ်ထောင်မှာ နီးနီလေး ၅၁ လမ်းမှာ မင်းသွားမေးကြည့်။ ရှယ်ရာဌနက ဝန်ထမ်းတွေ သွားမေးကြည့် သူ့ဝန်ထမ်း ၅၀ ကျော်ရှိတယ်။ သွားမေးကြည့် နောက်ဆုံးပိတ် အဲဒီမှာ သမ္မတကြီး သမီးတောင်ရှိနေတယ်။ ဦးပိုင်မှာ။ သမ္မတကြီး သမီးနဲ့မင်း အဲဒီလိုအနီးကပ် မင်းနေလို့နေခွင့် အနီးကပ် မင်းသတင်းမရဘူးလာ။ အဲဒီသတင်း တိတိကျကျ မရတာတော့ မင်းတော်တော် ညံ့တဲ့ကောင်းကွား ကျွန်တော်ပြန်လိုက်တော့ နောက်ထပ် ဘာမှမလာတော့ဘူး။

 

ဒီလို အယူအဆချင်းမတူဘူး။ ဒါဆန့်ကျင်ဘက်ပဲ ဆိုကြပါစို့။ ဒီအယူအဆ မတူတဲ့ ပုဂ္ဂိုလ်တွေကိုကော ဘာများ သတင်းစကား ပါးချင်ပါသလဲ။

အယူအဆကတော့ ဒီမိုကရေစီက သူ့အယူအဆ ကိုယ့်အယူအဆ ပေ့ါနော်။ Message ပေးချင်တာကတော့ ကျွန်တော်တို့ ဒီတပ်မတော်သားတွေဟာ တစ်ကယ်တော့ တစ်ဖြည်းဖြည်းနဲ့ ဒါ ၈၈ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ကို ဝေးကွားသွားတယ်ပေ့ါနော်။ ဝေးကွားနေတဲ့ဟာကို ကျွန်တော့်အနေနဲ့က စိတ်ထဲမှာလည်း မကောင်းပါဘူး။ ကျွန်တော်ပြောချင်တာက ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြည်သူလူထု ချစ်နေတဲ့ ခေါင်းဆောင်ကို ထောက်ခံမှ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မယ်။ ပြည်သူချစ်တဲ့ပါတီ၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းကို တပ်မတော်ကနေ တပ်မတော်နဲ့ပြည်သူ ကျွန်တော်တို့ ဒီအစိုးရဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနေကြမှာပဲ။ အကယ်၍များ ကျွန်တော်တို့ အစိုးရဖွဲ့နိုင်ခဲ့လို့ရှိရင် ကျွန်တော်တို့ကလည်း အစိုးရဖြစ်ပေမဲ့လို့ တပ်မတော်ကို ဒါကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေရမှာပဲ။ အဲဒီတော့ ပြည်သူချစ်တဲ့အစိုးရကို ပံ့ပိုးတဲ့ တပ်မတော်ဆိုရင် ပြည်သူကလည်း ချစ်ပြီးပေါ့ဗျာ။ အဲဒါလေးကျွန်တော် သတင်းစကား ပါးချင်တာပါ။

 

ဆရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်တယ်။ တစ်ချို့တွေ ကျတော့ ဆရာရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှာ ကျန်ခဲ့ကောင်း ကျန်ခဲ့မယ်။ ဆိုတဲ့အခါကတော့ ကိုယ်စားလှယ်လောင်း နှစ်ခုကတော့ မတူတော့ဘူး။ ဒီဆရာရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ဟောင်းတွေကိုကော ဒီအမှတ်လောင်းတွေပေ့ါ ဒီပုဂ္ဂိုလ်တွေကော ဘာများပြောချင်သလဲ။

ကျွန်တော် ပြောချင်တာကတော့ ဒါသူတို့လည်း သူတို့အယူအဆပေ့ါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ သူတို့ပေ့ါ အမှန်တော့ အယူအဆချင်းတော့ မတူဘူး ပေါ့နော်။ ဘယ်အယူအဆက မှန်လဲဆိုတော့ သူတို့ကိုကျွန်တော် နိုဝင်ဘာလ ၈ ရက်နေ့ကျရင် သူတို့သိသွားလိမ့်မယ်။ အဲဒါလေးပဲ ကျွန်တော်ပြောချင်ပါတယ်။

 

ဟုတ်ကဲ့ တချို့သောသူတွေ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ တစ်ချို့ ကိုယ်စားလှယ် ကနေပြီးတော့ ပုတ်ခတ်ပြီးတော့ မဲဆွယ်တာတွေ ရှိတယ်ဆိုတာ သိမှာပါ။ ဒီလိုမျိုး ပုတ်ခတ်ပြီးတော့ မဲဆွယ်စည်းရုံးတဲ့ အပေါ်မှာကော ဆရာနည်းနည်း ဖြည့်ပြောလို့ ရမလား။

ပထမဆုံး ပြောရရင်တော့ ကျွန်တော်တို့ ပါတီခေါင်းဆောင်ကလည်း ပြောသွားတယ်။ ဒါဥပဒေနှင့် မညီဘူးပေ့ါနော်။ မဲဆွယ် စည်းရုံးတဲ့ နေရာမှာ ဥပဒေနှင့်မညီဘူး။ ဒါအမှန်တော့ ဒါအရေးယူသင့်တယ်ပေ့ါ။ ဒါတွေကလည်းပဲ ဒါတကယ်တမ်းကျတော့ ကျွန်တော်ထင်ပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားနည်းချက် ဒါပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် အားနည်းသွားအောင် ချိနဲ့သွားအောင် လုပ်တဲ့ သဘောပါဘဲ။ အမှန်တော့ ဒီဟာတွေဟ ဒါမလုပ်သင့်တဲ့ဟာပါ။ မလုပ်သင့်တဲ့ဟာလို့ ကျွန်တော် ပြောချင်ပါတယ်။

 

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ သူတို့ပြောတာရှိတယ် နောက်ထပ် ဒီအစိုးရ ဖွဲ့နိုင်လို့ရှိရင် သူတို့ရဲ့ သမ္မတလောင်းဟာ လက်ရှိသမ္မတ ဦးသိန်းစိန် ဖြစ်ပါတယ်လို့ ပြောတယ်။ ဆရာ့အနေနဲ့ကော ဒီလိုမျိုးသူတို့ရဲ့ပြောဆိုချက်ကို ဘယ်လို တုန့်ပြန်ချင်သလဲ။

မဲအပေါ် ပြည်သူလူထုရဲ့ ထောက်ခံပေါ် မူတည်သွားမှာပေ့ါ။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော့် အမြင်ကတော့ အကယ်၍များပေ့ါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သိတဲ့အတိုင်းပဲ ၂၆% ပေ့ါနော်။ ၂၆% ပြည်ထောင်စု လွှတ်တော်မှာ ၂၆% ဖြစ်သွားလို့ရှိရင်တော့ သေချာတယ်ဗျ။ တပ်မတော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးနဲ့ ပေါင်းမယ်လို့ ကျွန်တော် ပြောတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် အငြိမ်းစား ယူသွားတဲ့ ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေက ဘယ်ပါတီကို သွားပြိုင်သလဲ ဒါလေးကို ကြည့်ခြင်းအားဖြင့်ကို ဒီအနာဂတ် ဘယ်လိုလှမ်းတယ်ဆိုတာ ပေါ်နေပြီးပေါ့နော်။ အကယ်၍သာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက ၂၆% သာ ပြည်ထောင်စု လွတ်တော်မှာ ရောက်သွားလို့ရှိရင်တော့ ကျွန်တော်ထင်တယ် သူတို့ပြောတဲ့အတိုင်းဘဲ ဖြစ်မယ်ထင်တယ်။

 

ဆရာတို့ပါတီ တကယ်လို့ဆရာတို့ အစိုးရအဖွဲ့နိုင်ရင်ကော ဆရာတို့ပါတီက ဘယ်သူ့ကို သမ္မတ ရွေးမလဲ။

ဒါကတော့ ကျွန်တော်တို့ကိုတော့ ပြောလို့မရသေးဘူး ခင်ဗျာ။ ဒါကတော့ ခေါင်းဆောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်မှာပဲ။ သမ္မတ သူမလုပ်ရလဲ ခေါင်းဆောင်ကတော့ သူပဲဆိုတာကတော့ ဒါပြောပြီးသားပါ။

 

နောက်ထပ်ထပ်ပြီးတော့ နည်းနည်းမေးရမယ်ဆိုရင် ဆရာအခ ုဒဂုံမြို့နယ်မှာသွားပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့နေတယ်။ ထိတွေ့နေတဲ့ အခါ ပြည်သူလူထုရဲ့ တုန့်ပြန်မှုက ဘယ်လို ပြန်လာသလဲ။

ပြည်သူလူတုရဲ့ Response ကတော့ ကျွန်တော်တို့ တစ်ဖြည်းဖြည်းပေ့ါ ကျွန်တော်တို့အခု မဲဆွယ် စည်းရုံးတာက ရပ်ကွက်တစ်ခုကို တစ်ကြိမ်၊ နှစ်ကြိမ် အနည်းဆုံး ပြီးသွားပြီ။ ပြည်သူ လူထုကတော့ ကျွန်တော်တို့ကို လှိုက်လှိုက်လဲလဲ ကြိုဆိုတယ်။ ကျွန်တော်ဆိုရင် ဒီပန်းစည်းတွေ ဘာတွေ ပေးတယ်ဆိုတာက တကယ် သူတို့ရင်ထဲက ပန်းစည်း စစ်တာပေ့ါနော်။ ကျွန်တော်အရင် တပ်မတော်သား လုပ်တုန်းက အရာရှိငယ် ဘဝတုန်း ကလည်း တကယ်ကို ပြည်သူလူတုက လှိုက်လှိုက်လဲလဲပဲ ချစ်တယ်။ နောက် ၈၈ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ဒီကျွန်တော်တို့ စစ်ရေးတပ်တွေ လျှောက်ဖူးပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုလည်း သိမှာပေ့ါ။ လုံခြုံရေးတွေက အနားကပ်လို့မရတော့ဘူး။ ကျွန်တော်တို့ အချင်းချင်းပြောရင် ကျွန်တော်တို့ တပ်မတော်သား အချင်းချင်း မိသားစုတွေဘဲ ပြန်ပေးနေတော့ သိပ်ပြီးတော့ Feeling မလာတော့ ဘူးပေ့ါနော်။ ကိုယ့်လူ အချင်းချင်းဘဲဖြစ်နေတယ်။

ကျွန်တော်ဆိုရင် မျက်ရည်တောင်ဝဲတယ်။ ဒီနောက်ပိုင်းမှာ တကယ့် ပြည်သူလူထုရဲ့ ပန်းစည်းကို ငါရနေပါလား ဆိုတာကို။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော့်အနေနဲ့ စိုးရိမ်ရတာက မဲဆန္ဒနယ်မြေတွေက ပြည်ထောင်စု ရိပ်သာကြီးဆိုရင် လူမရှိတော့ဘူး အဲဒီမှာ မဲအင်အားက တစ်ထောင်ကျော် ပေါက်နေတယ်။ ပိုနေတယ်ပေ့ါ။ အဲဒီလူတွေက ဝန်ထမ်းတွေဆိုတော့ သူတို့က လာပဲပေးမလား၊ ဒါမှမဟုတ်၊ ဘယ်လိုလဲ မသိဘူးပေ့ါလေ။ ကျွန်တော် မသိသေးဘူးပေ့ါ။

 

အခုနက နည်းနည်းလေး စိတ်ဝင်စားစရာကောင်းတာက ပန်းစည်းချင်း မတူဘူးပေ့ါ။ အဓိပ္ပါယ် နှစ်ခု မတူဘူးပေ့ါ။ တပ်မတော်သား ဘဝတုန်းက ရတဲ့ပန်းစည်းနဲ့ အခု လွတ်တော်ကိုယ်စားလှယ် ဘဝမှာ ရတဲ့ပန်းစည်း အဓိပ္ပါယ် မတူဘူးပေ့ါ။ အဲဒီအဓိပ္ပါယ်လေး နည်းနည်းဖွင့်ပြီးတော့ ဆရာ့ရဲ့ဒီ ပန်းဆီး ရတဲ့အပေါ် ခံစားချက်ကော ဘယ်လိုကွာခြားလဲ။

ကျွန်တော်က အရာရှိငယ်ဘဝတုန်းက ကျွန်တော် စစ်ရေးဘက် လျှောက်ဖူး တာပေ့ါနော်။ လျှောက်ပြီး လုံခြုံရေး ယူပေးတယ်ဆိုတော့။ အဲဒီတုန်းက ပြည်သူလူထုက တကယ့်ကိုပဲ တပ်မတော်ကို လှိုက်လှိုက်လဲလဲ ပန်းစည်းပေးချင်လို့ လာကြတယ်။ ၈၈ အရေခင်း ပြီးတော့ ၈၈၊ ၈၉၊ ၉၀၊ ၉၄၊ ၉၅ ပေ့ါနော်။ နောက်ပိုင်းကျတော့ တစ်ဖြည်းတစ်ဖြည်းနဲ့ ကျွန်တော်တို့ဟာ ပြည်သူလူထုနဲ့ ဝေးသွားတယ်။ ကျွန်တော်က စစ်ရေး မလျှောက်ပဲနဲ့ လုံခြုံရေးပဲ ယူရတယ်။ လုံခြုံရေးယူတော့ တွေ့နေရတယ်ပေ့ါနော်။ လုံခြုံရေး ယူရတဲ့အခါကျတော့ ဝင်လာတဲ့လူတွေ ကျွန်တော်တို့ လက်မခံတော့ဘူး။ လက်မခံတော့တဲ့ အပြင် လာလဲမလာ ကြတော့ဘူ။ အဲလိုမလာတော့ ကိုယ်တပ်မိသားစုတွေ အတွင်းစည်း လုပ်ပြီးတော့ ပန်းစည်း ပေးကြတယ်ပေ့ါ။ အဲဒီတော့ Feeling က မရှိတော့ဘူးပေ့ါနော်။ တကယ်ရင်ထဲက တာဝန်အရ စွပ်တဲ့သဘောမျိုး ဖြစ်သွားတယ်။

 

ဆရာက ဒီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့လည်း ဆရာတပည့်တွေ ဖြစ်တယ်လို့ ကျွန်တော် သိထားတယ်။ ဒီမဲစာရင်းမှားယွင်းတာ ဥမမာ ကျွန်တော် ပြောရမယ်ဆို ဒီပြည်တွင်းထဲမှာဆိုလို့ရှိရင် မဲစာရင်းက ၃၀% လောက်ပဲ မှန်မယ်လို့ ပြောတယ်။ ပြည်ပမှာ ကျွန်တော်တို့ ကြိုတင်မဲတွေသိတဲ့အတိုင်းပဲ ပြည်ပမှာ ရောက်တော့အခါကျ တော့လည်း ဒီ မဲဆန္ဒလေးပြားရရမဲ့နေရာမှာ သုံးပြားရတယ်၊ နှစ်ပြားရတယ်။ သုံးပြားရမည့်နေရာမှာ နှစ်ပြားလောက်ပဲရတယ်ဆိုတော့ ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက်ရဲ့ စီမံခန့်ခွဲမှု ဒါမှမဟုတ် တာဝန်ခံမှု တာဝန်ယူမှုအပေါ်မှာကော ဆရာဘာများ ပြောချင်လဲ။

ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေးနဲ့ ကျွန်တော်နဲ့က စီးပွးရေး ဦးပိုင် လီမိတက်မှာ သူက ဥက္ကဋ္ဌပေ့ါနော်။ ကျွန်တော် ဒါရိုက်တာဆိုတော့ သူ့အောက်မှာ ကျွန်တော် တာဝန်ထမ်းဆောင် ခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့ သူက ဒုတိယ ဗိုလ်ချုပ်ကြီး ပေါ့နော်။  ဒုတိယဗိုလ်ချုပ်ကြီး တပ်မတော် ဖွဲ့စည်းပုံအရနဲ့ လုပ်ကိုင်သွားတော့  ဘာဘဲဖြစ်ဖြစ်အောက်က အဖွဲ့ရဲ့ အဖွဲ့စည်းတွေကလည်း သူ့လိုလားချက် ဘာညာ တန်းပြီးပေးလို့ ရတယ်။ စာရင်းတွေ ဘာတွေ စာရင်းဇယားတွေ ဆိုလည်း Quaility ထွက်တာပေ့ါနော်။

ကော်မရှင်မှာ သူက တာဝန်ယူတဲ့အခါ ကျတော့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံကို ကျွန်တော်ထင်တယ်။ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာက ကျတော့ Well Train နည်းနည်း နည်းတယ် ထင်တယ်။ နည်းတဲ့အခါကျတော့ သူကတော့ နည်းနည်း တွန်းအားပေးမှာဘဲ။  သူဆွဲသလောက်လဲ ပါချင်မှ ပါမှာပေ့ါနော်။ ပါချင်မှလည်း ပါမယ်။ မပါနိုင်တော့ နောက်တစ်ခါ ဗိုလ်ချုပ်ကြီး ဦးတင်အေး အောက်ခြေက ပြောလို့ရှိရင် သူကအိုကေ၊ ယုံကြည် လွယ်တာပေ့ါနော်။ အယုံအကြည်လွယ်လို့ ငါ့တပည့်တွေပြောတာတွေမှန်တယ်။ အဲဒါမျိုးတွေ သူက နည်းနည်းလေးတော့ သဘောရှိတယ်။ သဘောရှိတယ်ဆိုတော့ အခုကျတော့ အဲဒါလေးတွေ တစ်ချက်ပါမယ် ထင်တယ်။ လက်တွေ့ကျတော့ အောက်မှာ အောက်ခြေ ကော်မရှင်မှာ အဲလိုဖြစ်မလာဘူး။ အဲတော့ ရှေ့က ခေါင်းတွဲကြီးက မောင်းနေတယ် နောက်က အိပဲ့အိပဲ့ ဖြစ်နေတယ်။ ဒါကြောင့် မဲစာရင်းတွေက မှားနေတာ။

 

မဲစာရင်း မှားယွင်းမှုတွေကြုံပြီ၊ ကြုံတဲ့အခါကျတော့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ကော ဘယ်အတိုင်းအတာအထိ ယုံကြည်လို့ရမလဲ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လွတ်လပ်တော့ လွတ်လပ်မယ် တရားမျှတတဲ့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ မဲစည်းရုံးရတာက အစဗျား၊ ကျွန်တော်တို့ တပ်ထဲသွားပြီး စည်းရုံးလို့မှ မရတာ။ မဲရုံကအစ တပ်ထဲမှာဘဲ မဲရုံလုပ်ထားတယ်လေ။ ဒါက မမျှတဘူးပေ့ါ။ မဲစည်းရုံးတယ် စည်းရုံးခွင့် မရဘူး။ ကျွန်တော်လည်း တပ်မတော်သား၊ ကျွန်တော်လည်း တပ်မတော်သား လုပ်ခဲ့တော့ ကျွန်တော် စီးပွားရေး ဦးပိုင် ၂၀၁၀ တုန်းက ဆိုလို့ရှိရင် တစ်ခြားပါတီတော့ ကျွန်တော်တို့ကို မဲစည်းရုံးခွင့် မပြောဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေကျတော့ လာစည်းရုံတယ်။ သူကြတော့ တပ်မတော်အရာရှိ ဟောင်းတွေကို ဒါစည်းလုံးလို့ရတယ်။ အခုလည်း ကျွန်တော် လက်တွေ့ခံစားနေရပြီး၊ ကျွန်တော် မတတ်နိုင်ဘူးပေ့ါနော်။ အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လွတ်လပ်တော့ရှိမယ် တရားမျှတမှုကတော့ လုံးဝမရှိဘူး။

 

အဲဒါဆိုရင် ဆရာကပြောပြီ၊ ဒါဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ပြောတဲ့အခါမှာ တိုက်ရိုက် သက်ဆိုင်တာက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ သက်ဆိုင်တာပေါ့။ ဆိုတဲ့အခါ ကျတော့ ဆရာရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကိုကော ဘာများပြောချင်လဲ။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီးက ပြောနေတာဘဲလေ။ တပ်တွေကိုလည်း မဲဆွယ် စည်းရုံးနိုင်အောင် သူအနေနဲ့ ပြောရမယ်။ ဥပမာဟာ ကိုကိုးကျွန်း ကိစ္စတွေပဲ ကြည့်လေ။ ကိုကိုးကျွန်းကို ကျွန်တော်တို့ဆီက ဟောပြောခွင့်မရဘူး။ ပြောခွင့်မရတော့ ကော်မရှင်ကတော့ ပြောခွင့်ရအောင်ဆိုပြီး သူကနေ တပ်မတော်ကိုလည်း သူက တွန်းအားပေးပါတယ်။ ဒါပေမဲ့သူပြောတာကို လိုက်မှမလုပ်တာ။ လိုက်မလုပ်တော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ဒါဟာက ကော်မရှင်ရွေးကောက်ပွဲ ကိစ္စဖြစ်တဲ့အတွက် ကော်မရှင် ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌပဲပေ့ါ။ အဲဒါလေးတွေကျတော့ဘာလဲ အဲဒါလေးတွေ ကျတော့ သူ့ကော်မရှင် ဥက္ကဋ္ဌပြောတာကို အကောင်အထည် လိုက်မဖော်တာ ဘာလို့ မဖော်တာလဲ ဘယ်လိုအရေးယူမှာလဲ ဘယ်လို ဥပဒေနဲ့လုပ်မှာလဲ အဲဒါလေးတွေက ပြတ်ပြတ်သားသားပေ့ါ ဥပဒေ နည်းဥပဒေရှိသင့်တာပေ့ါ။

 

ဆရာရဲ့မဲဆန္ဒရှင် ပြည်သူတွေကိုကော ဆရာဘာများပြောချင်လဲ။

ကျွန်တော်ရဲ့ မဲဆန္ဒရှင်တွေကတော့ တစ်ခြား ပြောစရာမရှိပါဘူး၊ ကျွန်တော်ပြောတာ အခု ရွေးကောက်ပွဲကလည်း ၈ ရက်နေ့မှာ လုပ်တော့မယ်လေး နောက်လည်း မဆုတ်တော့ဘူး ဆိုတော့ အဲဒီနေ့မှာ ကျွန်တော်နိုင်ငံသား တစ်ယောက်အနေနဲ့ အခွင့်အရေး ရှိသလို ထန်းဆောင်ရမည့် တာဝန်လည်း ရှိပါတယ်။ အဲဒါကို မဲပေးဖြစ်အောင်ပေးပါ။ မဲပေးတဲအခါမှာလဲပဲ ပယ်ပဲမဖြစ်အောင်ပေ့ါဗျာ ကျွန်တော်တို့ ပယ်မဲမဖြစ်အောင် မိမိရဲ့ ဆန္ဒကို လုပ်ပါ။ တပ်မတော်သားတွေ ကိုလည်းပဲ ဒါလျှို့ဝှက်စွားနဲ့ မဲဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့လူကို ရဲရဲဝံ့ဝံ့မဲပေးပါ။ ကိုယ့်ဆန္ဒကိုပဲ ဖော်ထုတ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly