AA မှလွှတ်ပေးခဲ့သူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြီးဆုံး၍ ပြန်လွှတ်

AA မှလွှတ်ပေးခဲ့သူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြီးဆုံး၍ ပြန်လွှတ်

ရန်ကုန်၊ နိုဝင်ဘာ ၇ ။            ။ ရွှေနဒီအမြန်ယာဉ်ပေါ်မှ  ရခိုင့်တပ် (AA) က ဖမ်းဆီးပြီးနောက်  ပြန်လွှတ်ပေးခဲ့သူများကို အမှတ်(၃)နယ်ခြားစောင့်ရဲစခန်းမှ စစ်ဆေးပြီး၍ ပြန်လွှတ်လိုက်ပြီဖြစ် ကြောင်း ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

“မနေ့က ခြောက်နာရီလောက်မှာလွတ်တာ၊ ဒီလွတ်ပေးလိုက်တဲ့အထဲမှာ ရဲသားတွေပါတယ်။ ပညာရေး ဝန်ထမ်းတွေပါလာတယ်” ဟု ၎င်းက ဆိုသည်။

ရွှေနဒီဖြစ်စဉ်တွင် AA မှပြန်လွှတ်ပေးလိုက်သူ ၂၅ ဦးရှိကာ ကျန် သုံးဦးမှာနေရပ်ပြန်သွားခဲ့ပြီး တစ်ဦးမှာဆေးကုသမှုခံယူနေကြောင်း သိရသည်။

ထို့ကြောင့် ကျန် ၂၁ ဦးသည် ပြန်လည်လွတ်မြောက်လာသည့် နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှစ၍ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ခြောက်နာရီအထိ နယ်ခြားစောင့်ရဲစခန်း တွင် စစ်ဆေးမှုခံယူနေရခြင်းဖြစ်သည်။

ထို့ကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးထံ ဆက်သွယ်သော်လည်း နယ်ခြားစောင့်ရဲ မှစစ်ဆေးသည့် အတွက် ၎င်းတို့ကိုမေးမြန်းရန်သာပြောဆိုခဲ့သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ဆေးခံရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်းပါဝင်ကြောင်းလည်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နေ့  ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ AA အဖွဲ့မှခေါ်ဆောင် သွားခဲ့သူ ၅၈ ဦးရှိပြီး တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း နှစ်ဦး၊ အရပ်သား ၁၃ ဦး ပါဝင်ခဲ့သည်ဟု အစိုးရကသတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများထဲမှ  ၁၅ ဦးကို  ပြန်လည်ကယ်တင်နိုင်ခဲ့ သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ တပ်မတော်မှ ပြန်လည်ကယ်တင်နိုင်သူ ၁၅ဦးနှင့် AA မှ ပြန်လွတ်ပေးသူ ၂၅ ဦး ရှိသဖြင့် ပြန်လည် လွတ်မြောက်လာသူ ၄၀ဦးရှိရာ  လူ ၁၈ ဦးမှာပျောက်ဆုံးနေဆဲ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly