ကရင်နီလူငယ် ၆ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၆လချမှတ်

ကရင်နီလူငယ် ၆ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၆လချမှတ်

နိုဝင်ဘာ ၇။         ။ ကရင်နီ လူငယ် ခြောက် ဦးကို နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားသည်ဟုဆိုကာ နိုဝင်ဘာ ၇ရက်တွင် အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာ ကြောင့် ဖမ်းဆီးတရားစွဲခံထားရသည့်အမှုဖြစ်သည်။

"ဒါသည် မစွဲသင့်ပဲနဲ့ကို စွဲတယ်။ ဝန်ကြီးချုပ်သည် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သုံးစွဲပြီးတော့ နိုင်လွတ်လုံ ဥပဒေအရ နိုင်ငံသားကနေပဲ စွဲဆိုရမယ့်ဟာကို အာဏာပိုင်တစ်ယောက်က ညွှန်ကြားလို့ ပြည်နယ်အတွင်း ရေးမှူးကနေပြီးတော့မှ သူ့လက်အောက်ကထွေအုပ်တစ်ယောက်ကို တရားလိုပြုလုပ်ခိုင်းခြင်းကလည်း လုံးဝကို ဥပဒေကြောင်းအရ မမှန်ကန်ဘူး။

အဲ့လိုမမှန်ကန်ပေမယ့်လည်း အခုလို လူငယ်တွေကိုထောင်ဒဏ်ချမှတ်လိုက်ခြင်းဟာ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးက ဝင်ရောက်စွက်ဖက်မှုနဲ့ တရားစီရင်ရေးကနေပြီးတော့မှ ဒီလို နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်ဆိုင်ရာဥပဒေကို အလွဲအသုံးပြုမှုကတော့ လုံးဝမဖြစ်သင့်သလို ဒီဥပဒေကလည်း ပြင်ဆင်သင့်တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ပဲ ပြောလို့ပါတယ်"ဟု တရားခံပြသက်သေ ကိုကျော်ထင်အောင်က မဇ္စျိမသို့ ပြောသည်။

အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခံရသည့် ကရင်နီလူငယ် ခြောက်ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်သည်။ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရသဖြင့် အကျဉ်းထောင်ထဲတွင် တစ်လခွဲခန့် နေထိုင်ရမည်ဖြစ်ကြောင်း ကိုကျော်ထင်အောင်က ဆိုသည်။
    

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly