YUPT အစုရှယ်ယာ အမြတ်ကိစ္စအငြင်းပွားမှုကို အဆင်ပြေဆုံးဖြစ်အောင် YRTA စီစဉ်နေ

YUPT အစုရှယ်ယာ အမြတ်ကိစ္စအငြင်းပွားမှုကို အဆင်ပြေဆုံးဖြစ်အောင် YRTA စီစဉ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၆  ။       ။ YUPT အစုရှယ်ယာရှင်များ၏ အမြတ်ကိစ္စအငြင်းပွားဖြစ်စဉ်အတွက် အဆင်ပြေဆုံးဖြစ်အောင် YRTA ဘက်က ပြင်ဆင်နေကြောင်း YRTA နဲ့ သတင်းမီဒီယာများ တွေ့ဆုံပွဲမှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက် (YUPT)၏ သုံးနှစ်တာကာလ အတွင်း အကျိုးအမြတ်များပေးရန်နှင့် ကုမ္ပဏီဥက္ကဋ္ဌ နုတ်ထွက်ရန် အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ Grand Gandamar Ballroom တွင် ပြုလုပ်ခဲ့သော YUPT ကုမ္ပဏီ၏ ဒုတိယအကြိမ် မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် ဒါရိုက်တာရွေးချယ်ပွဲတွင် ရှယ်ယာရှင်များက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့တောင်းဆိုပြီး နောက်တစ်နေ့တွင် YRTA ၏ ဥက္ကဋ္ဌဖြစ်သော ဝန်ကြီး ဒေါ်နီလာကျော် အပါအဝင် YRTA မှ အဖွဲ့ဝင်များနှင့် ရှယ်ယာရှင်များ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း YRTA ထံမှ သိရသည်။

 “သူတို့ တင်ပြချက်ရရင် နံပါတ်တစ် ရှယ်ယာရှင်များရဲ့ တင်ပြချက်၊ ဆန္ဒအပေါ်အဆင်ပြေဆုံး ဖြစ်အောင်စီမံဆောင်ရွက်ပေးဖို့ YRTA  က လျာထားပါတယ်။ ဒုတိယတစ်ချက်က YUPT ကုမ္ပဏီ သည် ဒီနေ့ YBS ထဲမှ ယာဉ်အင်အားအများဆုံးနဲ့ ပါဝင်နေတဲ့ ကုမ္ပဏီဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ရှယ်ယာပါဝင်ပြီးတော့ ဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီနေရာမှာ ကုမ္ပဏီ ဆိုတာထက်ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် ဒီဝန်ဆောင်မှု အနေအထား သည် လက်ရှိထက် မနိမ့်သွားအောင် ကျွန်တော်တို့ဝိုင်းဝန်းပံ့ပိုးထူထောင်ပေးဖို့အတွက် YRTA  က လျာထားပါတယ်။ဒါကြောင့် ရှယ်ယာရှင်များရဲ့ တစ်ကယ်ဆန္ဒအမှန် ဟုတ် ၊ မဟုတ် မေးထားပါတယ်။ အဲ့ဒီဆန္ဒအပေါ် ညီညွတ်မျှတသော စီမံဆောင်ရွက်မှုဆောင်ရွက်ဖို့ YRTA  က  လျာထားပါတယ်”ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိတွင် YUPT ကုမ္ပဏီသည် လုပ်ငန်းစတင်ပြီး သုံးနှစ်တာကာလအတွင်း အမြတ်ငွေမရသေးဘဲ အစိုးရမှ တိုက်ရိုက်ခန့်အပ်ထားသော ဒါရိုက်တာအဖွဲ့ဝင်များ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် အရှုံးပေါ်နေကြောင်း သိရသည်။

“ကျွန်တော်ကလည်း အဲ့ဒီမှာ  ဘာပြောခဲ့လဲဆိုတော့ တစ်ကယ်စတင်ပြီး လုပ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီရှယ်ယာရှင်တွေကို ရှင်းတဲ့အခါ Public Transportation  အကြောင်းကို ကျေကျေလည်လည်ရှင်းဖို့ လိုတယ်။ ကျွန်တော်တို့ ဒီလုပ်ငန်းကြီး လုပ်မယ်ဆိုရင် အရင်းအနှီး ၃ မျိုး စိုက်ထုတ်ရပါတယ်။ ပထမ ဦးဆုံး ကတော့ Investment လိုခေါ်တဲ့ ငွေကြေးတွေ ရင်းနှီးမြှုပ်နှံပြီး ကားတွေ ရုံးတွေတည်ဆောက် ရတယ်။နှစ်ကာလ ကြာရှည်စွာ ပြုလုပ်ရခြင်း တစ်ပိုင်းရှိတယ်။နောက်တစ်ခုက ဒီယာဉ်တွေကို အရင် တုန်းက ပုဂ္ဂလိက ယာဉ်ပိုင်ရှင်တွေ ပြေးတာပါ။ အခုတော့ ကုမ္ပဏီပိုင်ဖြစ်တော့ ဒီလိုလုပ်လိုမရဘူး။ ကားတွေအကုန်လုံးကကုမ္ပဏီပိုင်ထိန်းသိမ်းမှုအောက်မှာ နေရမယ်။ အဲ့တော့ ဘာလိုအပ်သလဲ ဆိုတော့ စီမံခန့်ခွဲမှုလိုတယ်။ ကားတွေ ထိန်းသိမ်းမှု၊ရုံးလုပ်ငန်းတွေလုပ်ဖို့ စီမံခန့်ခွဲမှု စရိတ်ရှိတယ်။ နောက်တစ်ခါ Operation  နေစဉ် ကားပြေးတဲ့အခါ ဟိုတုန်းက ယာဉ်ပိုင်ရှင် ၊ ဒါရိုင်ဘာ  ၊ စပယ်ယာ ရှင်းတာ။ ဒီမှာ ကုမ္ပဏီကလုပ်ရတော့ ဆီဖိုး ဘယ်လောက်ဝယ်ရမယ် ၊ ဒါရိုင်ဘာ ဘယ်သူရှင်းမလဲ ၊ ကျန်တဲ့ ကုန်ကျစရိတ် ဘယ်သူပေးသွင်းရမလဲ။ ကုမ္ပဏီက လုပ်တာဆိုတော့ ဒီဟာတွေအားလုံးကို ပေါင်းခြုံလိုက်ရင်  ဒီလုပ်ငန်းရပ်သည် ဒီနေ့လုပ်ပြီး ချက်ချင်း အကျိုးအမြက်ထွက်မယ်ဆိုတာ ပြောလို့ မရတဲ့ကိစ္စပါ။ ဒါကို အမှန်အတိုင်း ဒီပုဂ္ဂိုလ်တွေကို ရှင်းပြဖို့ ကောင်းတယ်။ ဒါပေမယ့် သူတို့ သိတာက တစ်နှစ်နေ ဘယ်လောက်ဆိုတော့ ဒီအပေါ် ခံစားချက် ဖြစ်မှာပါ။ ဒီအချက်လေးကိုပဲ ကျွန်တော်တို့ ယူထားပါတယ်။ ဒါကို စဉ်းစားပေးဖို့လို့ဆိုခဲ့ပါတယ်။”ဟု ဦးလှအောင်က ဆက်ပြောသည်။

YUPT  Public Co., Ltdတွင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦး၊ အစုရှယ်ယာရှင်ပေါင်း ( ၃၀၀ )နီးပါးရှိပြီး အစု ရှယ်ယာရှင်များ၏ ရင်းနှီးငွေမှာ ကျပ် ( ၅.၆ ) သန်းကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်သစ်ဝယ်ယူထည့်သွင်းထားမှုမှာကျပ် ( ၃၅ )သန်းရှိသောကြောင့် စုစုပေါင်းကုမ္ပဏီ၏ မတည် ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ( ၄၀)ဘီလီယံကျော်ရှိနေကြောင်း ကုမ္ပဏီဘက်က သတင်းထုတ်ပြန် ထားသည်။အဆိုပါ ကုမ္ပဏီသည် ၂၀၁၇ -၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၆၀၃ ဒသမ ၀၇၉ သန်း အရှုံးပေါ်ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags