ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသော မန်းတိုင်းဝန်ကြီးချုပ် နိုဝင်ဘာ ၈ ရက် ပြန်ရောက်မည်

ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသော မန်းတိုင်းဝန်ကြီးချုပ် နိုဝင်ဘာ ၈ ရက် ပြန်ရောက်မည်

မန္တလေး၊ နိုဝင်ဘာ ၆ ။          ။ ထိုင်းနိုင်ငံကို သွားရောက်ဆေးကုသမှုခံယူလျက်ရှိသည့် NLD ပါ၏ ဒုတိယဥက္ကဋ္ဌ ၂တာဝန်ကို ယူထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးမြို့သို့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာမည်ဟု မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

"ဘာမှစိုးရိမ်စရာမရှိပါဘူး။ပင်ပန်းလို့ပါ။သူက ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်တော့ အင်မတန် တာဝန်ကြီး တယ်။ အလားတူပဲ ဒေသမှာရှိတဲ့ ဝန်ကြီးချုပ်လည်းဖြစ်နေတဲ့အခါကျေတာ့ ဆယ်ဆမက အလုပ်ပို လုပ်ရတယ်။ပိုလုပ်ရတဲ့အခါ ပိုပင်ပန်းတာပေါ့။ကျွန်တော်တို့ကိုယ်တိုင်က သူ့ကို ပင်ပင်ပန်းပန်း မလုပ် စေချင်ဘူး။သို့သော်လည်းပဲ သူ့တာဝန်ကို ကြီးကြီးမားမားထမ်းဆောင်နေရတဲ့အတွက် အလုပ် ပင်ပန်းတယ်လို့ နားလည်တယ်။"ဟု ဦးမြတ်သူကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်း အမွေအနှစ်နယ်မြေမှ ငလျင်ဒဏ် သင့်ခဲ့သော မြင်းပြဂူဘုရားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် Getty Conservation Institute တို့ ပူပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂံဒေသသို့ ရောက်ရှိနေသော ဦးမြတ်သူက မီဒီယာများကို ပြောခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ရန်ကုန်မြို့တွင် အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီနှင့်သတ္တမအကြိမ်မြောက် တွေ့ဆုံပွဲအပြီး၌ ထိုင်နိုင်ငံသို့ သွားရောက်ကာ ဆေးဝါး ကုသခဲ့ခြင်း လည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly