မင်းဘူးမြို့နယ်တွင် မျိုးစပါး တင်းငါးထောင်ကျော် ဝယ်ယူရေး ဆောင်ရွက်နေ

မင်းဘူးမြို့နယ်တွင် မျိုးစပါး တင်းငါးထောင်ကျော် ဝယ်ယူရေး ဆောင်ရွက်နေ

မကွေး၊ နိုဝင်ဘာ ၆ ။        ။ မကွေးတိုင်းဒေသကြီး မင်းဘူး-စကုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် မျိုးစပါး တင်း ငါးထောင်ကျော် ဝယ်ယူသိုလှောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မင်းဘူး-စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နှစ်စဉ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊မျိုးသန့်များ စိုက်ပျိုးချိန်အမီ ရရှိရေးအတွက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင်မျိုးစပါး ၃၃၅၀တင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် မျိုးစပါး ၃၇၀၀တင်း၊၂၀၁၈-၂၀၁၉ခုနှစ်တွင် မျိုးစပါး ၄၃၈၈တင်းဝယ်ယူခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ခုနှစ်တွင် မျိုးစပါးတင်း ၅၀၀၀ ကျော် ဝယ်ယူ သိုလှောင်သွားမည်ဖြစ်ကြောင်း  မင်းဘူး-စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

 “မင်းဘူး-စကုမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီမှာ ၂၀၁၉ခုနှစ် စက်တင်ဘာ လကုန်အထိ မိုးစပါးစိုက်ဧက ၃၉၅၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ သက်မှတ်စိုက်ဧကထက် ဧက ၁၃၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဓိကမျိုးတွေကတော့ ရေမြေဒေသနဲ့ကိုက်ညီမယ့် ၁၅၀၄၄ ဧက အတွက် မနောသုခမျိုးစပါး၊ ၁၃၈၅၇ ဧက အတွက် ဆင်းသုခမျိုးစပါး၊ ၉၈၉၈ဧကအတွက် ဧရာမင်း မျိုးစပါး၊ ကောက်ညှင်း၊ ပေါ်ဆန်းနဲ့ အခြားစပါးမျိုးတွေကိုတော့ ၇၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မင်းဘူး-စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

ယခုနှစ်မိုးရာသီတွင် စပါးစိုက်ဧက ၃၉၅၉၂ဧကအတွက် ယခင်နှစ်က မျိုးစပါး၄၃၈၈တင်း ကြိုတင် စုဆောင်းသိုလှောင်ခဲ့ကာ၊ မျိုးကောင်း၊မျိုးသန့်များ ဖြန့်ဝေပေးနိုင်ခဲ့သဖြင့် သက်မှတ်ချက်ထက် ကျော် လွန်ကာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လာမည့်စပါးရာသီအတွက် ဒေသနှင့်ကိုက်ညီသည့် ထိုင်းနှံကောင်မျိုး ၁၅၀၀တင်း၊ မနောသုခ ၁၅၀၀တင်း၊ ဧရာမင်း ၁၀၀၀တင်း၊ ဆင်းသုခ ၁၀၀၀ တင်းတို့အား ဝယ်ယူ သိုလှောင်နိုင်ရေး စီစဉ်နေကြောင်း မင်းဘူး-စကုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့အပြင် မြို့နယ်အတွင်း နွေစပါး၊မိုးစပါးစိုက်ပျိုးသော တောင်သူများ အချိန်မီ မျိုးကောင်း၊မျိုးသန့်များ ရရှိရေးအတွက် မှန်ကန်သည့်ဈေးနှုန်းအတိုင်း ရရှိရန် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် စိုက် ပျိုးရေး ဦးစီးဌာနမှ အကျိုးဆောင်စိုက်ပျိုးတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ နမ္မဒါ မျိုးစေ့ထုတ်အသင်းကို ထူထောင်ပြီး ကျေးရွာ(၈)ရွာမှ တောင်သူ(၈)ဦးနှင့် စပါးစိုက်ဧက ၁၄၀ တို့ကို လုပ်ကိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly