မကွေးလေယာဉ်ကွင်းရှိ အသုံးမပြုတော့သည့် သိမ်းဆီးခံယာမြေများ ပြန်လည်စွန့်လွှတ်ကာ ပုံစံ(၇) ထုတ်ပေးရေး ဆန္ဒထုတ်ဖော်

မကွေးလေယာဉ်ကွင်းရှိ အသုံးမပြုတော့သည့် သိမ်းဆီးခံယာမြေများ ပြန်လည်စွန့်လွှတ်ကာ ပုံစံ(၇) ထုတ်ပေးရေး ဆန္ဒထုတ်ဖော်

မကွေး၊ နိုဝင်ဘာ ၅ ။              ။ မကွေးမြို့လေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းထားသည့် ယာမြေဧကများထဲမှ အသုံးမပြုသည့် ပိုလျှံယာမြေများကို ပြန်လည်စွန့်လွှတ်ကာ ပုံစံ(၇)ထုတ်ပေးရန် အသိမ်းဆည်းခံ မြေပိုင်ရှင်တောင်သူများ စုပေါင်း၍ နိုဝင်ဘာ၅ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

 “သိမ်းဆည်းခံယာမြေဧက ၈၁၈.၈၂ ထဲကလေယာဉ်ကွင်းတည်ဆောက်ရာမှာ အသုံးမပြုတဲ့ ဧက ၃၁၄.၃၆ ဧကအတွက် တောင်းဆိုဆန္ဒပြကြတာပါ။ ဒီစီမံကိန်းအသုံးမပြုတဲ့ ယာမြေတွေကိုသိမ်းဆည်းခံ မူလ တောင် သူတွေ အနေနဲ့ယနေ့အချိန်ထိ လုပ်ကိုင်စားသောက်ခွင့်ရရှိနေပါတယ်။ အနာဂတ်မှာ ပိုင်ဆိုင်မှု သေချာစေဖို့၊ စိုက်ပျိုးစရိတ်ချေးငွေရရှိနိုင်ဖို့အတွက် တရားဝင်စွန့်လွှတ်ပုံစံ(၇) ထုတ်ပေးရေး ဆန္ဒပြတောင်းဆိုတာ ဖြစ်တယ်” ဟု ယာမြေသိမ်းဆည်းခံခဲ့ရသည့် ဒဟတ်ကန်ကျေးရွာမှ တောင်သူဦးမင်းမြတ်က ပြောသည်။

၂၀၀၂ ခုနှစ်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ မကွေး လေဆိပ်တည်ဆောက်အသုံးပြုနိုင်ရန်အတွက် ယာမြေဧက ၈၁၈.၈၂ကို တရားမဝင် နှုတ်မိန့်ဖြင့် သိမ်းယူ ခဲ့ကြောင်း ဆန္ဒပြတောင်သူများက ပြောသည်။

“ဆန္ဒပြရတဲ့အကြောင်းအရင်းကတော့ကျွန်တော်တို့ယာမြေတွေကို ၂၀၀၂ခုနှစ်က ပို့ဆောင်ဆက်သွယ်ရေး ဌာနနဲ့ လေကြောင်းပို့ဆောင်ဆက်သွယ်ရေးဌာနက ဗိုလ်မှူးကြီး သိန်းဇော်လက်ထက်မှာ သိမ်းဆည်းခဲ့ပါတယ်။ ဧကပေါင်း၈၀၀ကျော်ပါတယ်။ အဆောက်အဦဆောက်လုပ်ပြီးတော့ ပိုလျှံမြေ ၃၀၀ကျော်ပါတယ်။ အဲဒီ ပိုလျှံ မြေတွေပြန်လိုချင်တဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဟု ယာမြေသိမ်းဆည်းခံခဲ့ရသည့် ဒဟတ်ကန် ကျေးရွာမှ တောင်သူဦးမင်းမြတ်က ပြောသည်။

အဆိုပါစီမံကိန်းအတွက် ၂၀၀၆ခုနှစ်တွင်သီးနှံလျော်ကြေးအဖြစ် လယ်တစ်ဧကလျှင် ၁၅၀၀၀ကျပ်နှုန်း၊ ယာတစ်ဧကလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် သီးနှံလျော်ကြေးပေးခဲ့ကြောင်း ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် လယ်တစ်ဧကအတွက် ကျပ် ၁၀သိန်း၊  ယာတစ်ဧကအတွက် ကျပ် ၈ကျပ်သိန်း ပေးခဲ့ကြောင်း သိရပြီး ဆန္ဒပြနေသော ကန်လှရွာမှ တောင်သူ ၁၄ဦးမှာ လျော်ကြေး မယူခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

“အခုဆန္ဒလာပြတဲ့တောင်သူမှန်သမျှကတော့ ဘာမှယူခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်တို့တောင်သူတွေဟာ မြေသာပိုင်ဆိုင်ပြီး ပုံစံ(၇)မရှိရင် လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ပုံစံ(၇)ရှိတယ်ဆိုလို့ရှိရင် စိုက်ဘဏ်ချေးငွေတို့၊ ချေငွေတို့ချေးလို့ရတယ်။ ပုံစံ(၇)မရှိတဲ့အတွက် အခက်အခဲ တွေ အများကြီးရှိပါတယ်။ သိမ်းဆည်းခံ လယ်ယာမြေတွေပုံစံ(၇)ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု တောင်သူ ဦးဝင်းမင်းစိုးက ဆန္ဒထုတ်ဖော်ပွဲတွင် ပြောသည်။

ထို့အပြင် တောင်သူများ၏ ဘဝမှာနိမ့်ပါးနေသောကြောင့် ပိုလျှံမြေများကို နိုင်ငံတော်အနေဖြင့် တောင်သူများ ထံပြန်လည် စွန့်လွှတ်ပေးရန်၊ သို့မဟုတ် လက်ရှိခေတ်ကာလတန်ဖိုးနှင့် ကိုက်ညီသော မြေယာလျော်ကြေး ပေးရန် မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီမှ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောသည်။

ဆန္ဒပြထုတ်ဖော်ပွဲတွင် ယာမြေများသိမ်းဆည်းခံခဲ့ရသည့် မကွေးမြို့နယ် ဒဟတ်ကန်၊ ကံလှ၊ ဆားတိုင်ကန်၊ ဝက်သိုက်ကျေးရွာများမှ တောင်သူ ၁၀၀ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly