၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲအောင်မြင်ရေးအတွက် အကောင်းဆုံးပြင်ဆင်ထားသည်ဟု မြန်မာ အသင်း နည်းပြဆို

၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲအောင်မြင်ရေးအတွက် အကောင်းဆုံးပြင်ဆင်ထားသည်ဟု မြန်မာ အသင်း နည်းပြဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၅ ။       ။  မြန်မာယူ-၁၉ အမျိုးသားဘောလုံးအသင်းအနေဖြင့် ၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲအောင်မြင်ရေး အတွက်အကောင်းဆုံးပြင်ဆင်ထားသည်ဟု နည်းပြချုပ်ဦးစိုးမြတ်မင်း က ပြောဆိုလိုက်သည်။

၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စု(I) ပွဲစဉ်များကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန် မြို့သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းအနေနဲ့ တရုတ်၊တောင်ကိုရီးယား ၊ စင်ကာပူတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

"အုပ်စုမှက အင်အားကြီးအသင်းတွေပါနေတယ်။ ခြေစစ်ပွဲအောင်မြင်ဖို့က ခက်ခက်ခဲခဲကြိုးစားရမှာ ဖြစ်ပါတယ်။ အင်အားကြီးအသင်းတွေလည်းပါနေတယ်။ လေးလေးစားစားနဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ အသင်းရဲ့ပုံစံ ကောင်းကို ပြသနိုင်ရန် အသင်းရဲ့ကစားသမားတွေနဲ့အတူ အကောင်းဆုံး ပြင်ဆင် ထားပါတယ်။ မနက်ဖြန်ပွဲမှလည်း အကောင်းဆုံးရလဒ်ရအောင် အကောင်းဆုံးကြိုးစားသွားမှပါ " ဟု မြန်မာလက်ရွေးစင် ယူ-၁၉ အသင်း ၏ နည်းပြချုပ်ဖြစ်သူ ဦးစိုးမြတ်မင်း က မီဒီယာများကို ဖြေကြား ခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အာရှယူ-၁၉ ခြေစစ်ပွဲအုပ်စု( I)တွင်ပါဝင်နေသည့် တရုတ်၊တောင်ကိုရီးယား ၊ စင်ကာပူ နှင့် မြန်မာအသင်းတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊အင်းယားလိတ်ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဒီမှာလာပြိုင်တဲ့အသင်းတွေက ခြေစစ်ပွဲကို နောက်တစ်ဆင့်ကိုတက်ချင်ကြပါတယ်။ ကျွန်တော် တို့လည်း အတူတူပါပဲ။ နောက်တစ်ဆင့်ကို ဘယ်လိုအနေထားမျိုးဖြစ်ဖြစ် ၊ခြေစစ်ပွဲကို နောက် တစ်ဆင့်ကို တက်နိုင်ဖို့ကိုယ့်မှရှိတဲ့အစွမ်းနဲ့ ကစားသမားတွေ အားလုံးကိုလည်း ပြောထားပါတယ်။ အကောင်းဆုံးလုပ်အားနှုန်းကို ဒီပွဲမှပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တောင်းဆိုထားပါတယ်။ ပွဲစဉ် တိုင်းကိုအကောင်းဆုံးကြိုးစား သွားပါမယ် " ဟု ဦးစိုးမြတ်မင်းက ဆက်လက်ဖြေကြားသည်။

ခြေစစ်ပွဲအုပ်စု(I) ပွဲစဉ်များ ၏ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မြန်မာအသင်း နှင့် တရုတ်အသင်းတို့ စတင်ယှဉ်ပြိုင်မည် ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ ညနေ ၆ နာရီ အချိန်တွင် မြန်မာအသင်းနှင့်တောင်ကိုရီးယားအသင်း ၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာ အသင်းနှင့် စင်ကာပူအသင်းတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၆ နှင့် ၂၀၁၈ အာရှ ယူ- ၁၉ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲဝင်ရောက်ခဲ့သော်လည်း နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိပေ။အာရှ ယူ -၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များတွင်အုပ်စု ( ၁၁) ခုပါဝင်ပြီး အုပ်စုပထမ ၁၁သင်းနှင့် အုပ်စုဒုတိယ အကောင်ဆုံး(၄)သင်းခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

၂၀၁၄ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုတွင်း၌ ထိုင်း၊ ယီမင်၊ အီရန်စသည့် ထိပ်တန်းအသင်း များနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယနေရာမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ယင်းနောက်ကွာတားဖိုင်နယ်တွင် ယူအေအီးကို အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တွင်မူ ကာတာကို ရှုံးနိမ့်ခဲ့ကာ နောက်ဆုံး(၄) သင်းစာရင်းဝင်ခဲ့သဖြင့် ၂၀၁၅ ယူ ၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required